CNI International News

ကဘူးလ်၊ သြဂုတ် ၂၃

၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဖဂန်နစ္စတန်တွင် အာဏာရလာခဲ့သည့် တာလီဘန်အဖွဲ့သည် ယခင်အစိုးရအဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့များနှင့် အရာရှိဟောင်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကြေညာခဲ့သည့်တိုင် ယခင် အစိုးရအဖွဲ့၏ စစ်သားဟောင်းများနှင့် အရာရှိဟောင်း ၂၀၀ ကျော်သည် တရားဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

တာလီဘန်တို့ အာဏာပြန်ရပြီး ၂ နှစ်အတွင်း တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ၈၀၀ ခန့်ကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု အာဖဂန်ရှိ ကုလသမဂ္ဂမစ်ရှင် (UNAMA) ၏ ပထမဆုံး သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။

သတ်ဖြတ်ခံခဲ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများနှင့် အစိုးရအရာရှိဟောင်း စုစုပေါင်း၏ ထက်ဝက်နီးပါးသည် တာလီဘန်တို့ အာဏာပြန်ရပြီးနောက် လေးလအတွင်း သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ 

၂၀၂၂ ခုနှစ်တွင်လည်း တရားဥပဒေမဲ့ သတ်ဖြတ်မှုပေါင်း ၇၀ ရှိခဲ့ကာ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ သည်ဟု UNAMA က ပြောသည်။

 ဖြုတ်ချခံ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီကိုတွေ့ရစဉ်

"UNAMA ရဲ့ သတင်း ထုတ်ပြန်ချက်ဟာ တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း အရင်အစိုးရ အရာရှိဟောင်း တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဘယ်လို ဆက်ဆံခဲ့နေရလဲဆိုတာ မီးမောင်းထိုးပြသရာ ရောက်ပါတယ်" ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က အစီရင်ခံစာ ထုတ်ပြန် သည့် သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 

"အရင်အစိုးရအဖွဲ့ လက်ထက်က လူတွေကို လွတ်ငြိမ်းခွင့် ပေးမယ်လို့ တာလီဘန်တွေက ကတိပြုခဲ့ပေမယ့်လည်း ဒီတွေ့ရှိချက်တွေအရ လူထုရဲ့ ယုံကြည်ချက်ဟာ ချိုးဖောက်ခံလိုက်ရတာ ဖြစ်ပါတယ်" ဟု တာ့ခ်က ပြောကြားခဲ့ ပြီး တာလီဘန်တို့ အနေနှင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်နှင့် အကြမ်းဖက်မှုများကို ဟန့်တားရန်  တိုက်တွန်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လက ယခင် အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီ (Ashraf Ghani) သည် နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တာလီဘန်တို့က နိုင်ငံတဝန်းရှိ ယခင်အစိုးရ လက် အောက်တွင် အလုပ်လုပ်ခဲ့ဖူးသည့် အစိုးရဝန်ထမ်းများကို အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့ပြီး အမျိုးသမီးများကိုလည်း တာလီဘန်အစိုးရ လက်အောက်တွင် ဝင်ရောက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

တာလီဘန်တွေကိုတွေ့ရစဉ်

သို့သော်လည်း ယခင် အာဖဂန်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းဟောင်းများကို တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုပေါင်း ၄၂၄ မှု ရှိခဲ့ပြီး ညှင်းပန်းနှိပ်စက်မှုပေါင်း ၁၄၄ မှုကျော် ရှိခဲ့သည်ဟု ကုလ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

UNAMA သည် တာလီဘန်လက်ထက် ဖမ်းဆီးခံခဲ့ရသူများ၏ ဆွေမျိုးများထံမှ သတင်းများကို ကြားသိခဲ့ရပြီး တာလီဘန်တို့ အာဏာရခဲ့သည့် အချိန်မှစပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အကြား ဖြစ်စဉ်များကို မှတ်တမ်း ပြုစုခဲ့ပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တာလီဘန်တို့သည် ဖြစ်စဉ် အနည်းငယ်ကိုသာ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများသည် ပွင့်လင်းမြင်သာမှုမရှိဟု UNAMA က ပြောသည်။

Source: အယ်လ်ဂျာဇီးယား