CNI International News

ဆိုးလ်၊ သြဂုတ် ၁၈ 

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပြုလုပ်မည့် သုံးပွင့်ဆိုင် အစည်းအဝေးကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခြင်း သို့မဟုတ် အခြားစစ်ရေး လုပ်ဆောင်မှု တစ်ခု ပြုလုပ်ဖွယ်ရှိနေသည်ဟု တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် သြဂုတ် ၁၈ ရက်တွင် အမေရိကန်နိုင်ငံ Camp David စစ်စခန်းတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ 

တောင်ကိုရီးယားလွှတ်တော်အမတ် ယူဆန်ဘမ်ကိုတွေ့ရစဉ်

ဒေသတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်နေခြင်းနှင့် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများ မြင့်တက်နေချိန်တွင် ၎င်းတို့သုံးနိုင်ငံအကြား ဆက်ဆံရေးကို တိုးမြှင့်ရေး အစည်းအဝေး ပြုလုပ်ရန် စီစဉ်ခဲ့သည်။

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို မြောက်ကိုရီးယားက ဝေဖန်ရှုတ်ချခဲ့သည်။

ထို့နောက် အဆိုပါ သုံးနိုင်ငံသည် အာရှနေတိုးအဖွဲ့ ပုံစံမျိုး ဖန်တီးနေသည်ဟု မြောက်ကိုရီးယားဘက်က ပြောကြားခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားသည် သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာလ အစောပိုင်းတွင် စပိုင်ဂြိုဟ်တု တစ်စင်းကို ထပ်မံလွှတ်တင်ဖွယ် ရှိနေသည်။

မေလက ပထမအကြိမ် စပိုင်ဂြိုဟ်တု လွှတ်တင်မှုသည် မအောင်မြင်ဘဲ ပျက်ကျခဲ့ပြီးနောက် ဒုတိယအကြိမ် လွှတ်တင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားလွှတ်တော်အမတ် ယူဆန်ဘမ်(Yoo Sang-bum)က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် ခေါင်းဆောင် ၃ ဦးကိုတွေ့ရစဉ်

မြောက်ကိုရီးယားသည် စက်တင်ဘာ ၉ ရက်တွင် ကျရောက်သည့် နိုင်ငံထူထောင်မှု နှစ်ပတ်လည်နေ့တွင် စပိုင် ဂြိုဟ်တုကို လွှတ်တင်ရန် အလားအလာ ရှိသည်ဟုလည်း ယူဆန်ဘမ်က တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲနှင့် အစည်းအဝေး ပြုလုပ်ပြီးချိန်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနှင့် မြောက်ကိုရီးယားသည် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နေပြီး တောင်ကိုရီး ယား ထောက်လှမ်းရေးအဖွဲ့သည် ထိုအခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု ယူဆန်ဘမ်က ပြောကြားခဲ့သည်။ 

အမေရိကန်ကလည်း မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် လက်နက်များ ထောက်ပံ့ပေးနေ သည်ဟုဆိုကာ ဝေဖန်ရှုတ်ချခဲ့သည်။ 

ထို့ပြင် ရုရှားနှင့်မြောက်ကိုရီးယားအကြား လက်နက်ရောင်းဝယ်ရေး သဘောတူညီမှုများတွင် ပါဝင်ပတ်သက် သည်ဟု စွပ်စွဲထားသည့် အဖွဲ့အစည်းသုံးခုကို အမေရိကန်က သြဂုတ် ၁၆ ရက်၌ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားကမူ ၎င်းတို့ နှစ်နိုင်ငံအကြား လက်နက်များ လွှဲပြောင်းပို့ဆောင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ