CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

မီဒီယာများမှ ဖော်ပြချက်များသည် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံး ညီညွတ် မှုများကို များစွာသက်ရောက်မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများ ဖြစ် ရန်လိုအပ်သည်ဟု နစက၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပစဉ် ၎င်းက အထက်ပါ အတိုင်း ပြောခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား သတင်း မီဒီယာကျင့်ဝတ်ကို အခြေခံ၍ အပြန်အလှန် လေးစားမှုရှိသော ဆက်ဆံမှု တည်ဆောက်ရေးနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေး၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာသတင်းရယူပိုင်ခွင့် ပိုမိုရရှိရေးနှင့် မဏ္ဍိုင်(၄)ရပ်တို့ ဆက်ဆံရေး ပိုမိုကောင်းမွန် ရေး၊ သတင်းအချက်အလက် ရယူခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ် သည်ဟု ထုတ်ပြန်ခဲ့သည်။

ဝန်ကြီး ဦးမောင်မောင်အုန်းက “စတုတ္ထမဏ္ဍိုင်ဟုခေါ်သည့် မီဒီယာများ အနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အဓိကမဏ္ဍိုင် (၃)ရပ်ကို တည့်မတ်အောင် တစ်ဖက်တစ်လမ်းမှ ထိန်း ကျောင်းပေးရသည့် တာဝန်ကို ပြည်သူတို့ကိုယ်စား ထမ်းဆောင်နေရသည့်အတွက် သတင်းအချက်အလက် ရပိုင်ခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။ မီဒီယာများမှ ဖော်ပြချက်များ သည် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီညွတ်မှုများကို များစွာသက်ရောက် မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများဖြစ်ရန်လိုအပ်သည်”ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က Myanmar Now သတင်းဌာနက မကေဇွန်နွေး ဖမ်းဆီးခံရစဉ် 

ထို့နောက် မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူနှင့် အဖွဲ့အစည်း အားလုံး စည်းလုံးညီညွတ်ရန်လိုအပ်ပြီး အဆိုပါ အင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမို အလေးပေးဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

သတင်းမီဒီယာသမားတစ်ဦးက “ မဏ္ဍိုင်(၄)ရပ် တွေ့ဆုံမှု လုပ်တာကောင်းပါတယ်။ ဒါပေမယ့် အဲဒီပွဲကို တက်ခဲ့ တဲ့ သတင်းသမားဆိုသူက တကယ် သတင်းပညာကို သင်ကြားပြီး သတင်းသမား စံနှုန်းနဲ့ သတင်းထောက် လုပ်ပြီး လာခဲ့သူတွေ ဘယ်နှယောက်ပါလဲ၊ သူတို့က တက်ရောက် ဆွေးနွေးမယ်ဆိုမှ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့ အနေအထားကို ထင်သာမြင်သာ သိရမယ်လေ။ အဲလိုမဟုတ်ပဲ ဘက်တစ်ဖက်ကနေ ရပ်တည်ပြီး လုပ်နေသူတွေ သို့မဟုတ် သတင်းထောက် မလုပ်ခဲ့ဖူးပဲ သတင်းသမား အမည်ခံထားသူတွေပဲဆိုရင်တော့ မဏ္ဍိုင်(၄)ရပ်ကြား ဟနေတဲ့ အဟကို ပြန်စေ့လို့ရမယ့် နည်းလမ်းကို ရှာဖွေဖို့ခက်မယ်ထင်ပါတယ်။ အစိုးရတိုင်း က သတင်းသမားကို မိတ်ဆွေလို့ မြင်တာထက် ရန်သူ သို့မဟုတ် ဝေဖန်နေသူလို့ မြင်တာများတယ်။ သတင်း အချက်အလက်ကိုလည်း အချိန်နဲ့တပြေးညီ မထုတ်ပြန်ပေးတာ၊ ဖြေကြားမပေးတာကြောင့်လည်း တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ အားနည်းနေတာဖြစ်တယ်။ လူထုက သတင်းအမှားတွေ ကြားမှာပဲ ပိတ်မိနေတာ။ ဒါကို ကျော်လွှားဖို့ဆိုရင် အာဏာပိုင်ကလည်း သတင်းလွတ်လပ်ခွင့်ကို ဖွင့်ပေးရမယ်။ သတင်းအချက်အလက်ကို အချိန်နဲ့တပြေးညီ ထုတ်ပေးရမယ်။ သတင်းသမားကလည်း သတင်းသမား ကျင့်ဝတ်နဲ့ စံနှုန်းတွေကို လိုက်နာပြီးရေးသားရမယ်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲ ကျင်းပနေစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်။

ထို့နောက် သတင်းမီဒီယာသမားများ ဖမ်းဆီးခံရခြင်းနှင့် သတင်းဌာနများ ပိတ်သိမ်းခံရမှုများ ရှိခဲ့သလို သတင်း လွတ်လပ်ခွင့်လည်း ကျဆင်းလာခဲ့သည်။

တခြားတစ်ဖက်မှာလည်း သတင်းသမားများသည် ဘက်မလိုက်ရ၊ ပုဂ္ဂိုလ်စွဲ- အဖွဲ့အစည်းစွဲ- ဘာသာစွဲ မထားရ၊ ဘက်မျှရမည် စသည့် သတင်းစံနှုန်းများကို လိုက်နာမှု အားနည်းပြီး မိမိထောက်ခံသည့် ဘက်ကနေ သတင်း များတင်ဆက်လာကြသလို မြေပြင်သတင်း အချက်အလက် အမှန်အား ရှာဖွေစိစစ်မှုအားနည်းလာကြသည်။