CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)တို့၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို နှောင့်ယှက်သူ အား ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်ကို ကြည့်ပါက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဩဇာ လွှမ်းမိုးမှုမှာ ယခင်ကထက် ပိုမိုကြီးမားလာကြောင်း မြန်မာ့နိုင်ငံရေး သမားများက ပြောသည်။

လက်ရှိ ပြည်တွင်းတွင် တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်လာကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဩဇာလွမ်းမိုးမှု အတိုင်းအတာတစ်ခုအထိ ရှိလာကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေလွှတ် ဆွေးနွေးဘာညာတွေလုပ်၊ ဒါပေမဲ့ သူတို့ မအောင်မြင်ဘူးဗျ။ ဒီကောင်တွေ ဘယ်လောက်တောင် ခြေလှမ်းတွေ ကျဲလာပြန်သလဲဆိုရင် နောက်ထပ် ထပ်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အမိန့်ထုတ်တယ်၊ သူတို့နယ်မြေတွေမှာ နိုင်ငံခြားအရင်းအနှီးမျိုးတွေကို နှောင့်ယှက်တဲ့ ဘယ်သူမဆိုကို အရေးယူမယ်ဆိုပြီး သူကအဲဒီလို ကြေညာတယ်၊ တနည်းအားဖြင့် တရုတ်အရင်း အနှီးကို မထိနဲ့ သူပိုင်တဲ့ မြောက်ပိုင်း ၃ ဖွဲ့ကို ကြေညာခိုင်းလိုက်တယ်ဗျာ၊ “ဝ” တို့၊ မိုင်းလားတို့ကတော့ ဘယ်သူမှ သွားလို့ မရဘူးလေ၊ အဲဒီလိုဆိုတဲ့ အခါကြတော့ ဘယ်လောက် ဩဇာလွမ်းသလဲဆိုတော့ အဲဒါကြည့်ပေါ့ဗျာ၊ မြောက်ပိုင်း ၃ ဖွဲ့ကနေပြီးတော့ အရေးယူမယ်ဆိုတော့ စကစက အရေးမယူနိုင်တော့လို့ သူက ဝင်ပြီး အရေးယူ တော့မယ့် သဘောဖြစ်တာပေါ့၊ အဲဒီသဘောဖြစ်တယ်၊ တရုတ်က မင်းမယူနိုင်လည်းရတယ် ငါ့လူတွေရှိတယ်၊ ငါ့ပိုက်လိုင်းနဲ့ ငါ့အရင်းအနှီးတွေတော့ မထိနဲ့ သေဖို့သာပြင်ဆိုပြီးတော့ အဲဒီလို တရုတ်က တစ်ဖက်လှည့်နဲ့ စကစ ကိုလည်း ကြပ်တယ်၊ နောက်တစ်ခါ PDF တွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း လှမ်းပြီးတော့ ဟန့်လိုက်တာ ပေါ့ဗျာ” ဟု ပြောသည်။  

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA)တို့က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာ - တရုတ် နယ်စပ်တစ်လျှောက် လှုပ်ရှားကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် တရုတ်က တစ်စုံတစ်ရာ လွမ်းမိုးမှုရှိသော်လည်း တရုတ်ပြောသည့်အတိုင်း လိုက်လုပ်သည့် အဖွဲ့အစည်းမရှိ ကြောင်း နိုင်ငံရေးသမားအချို့က ပြောဆိုမှုများလည်း ရှိနေသည်။

တရုတ်နယ်စပ်တစ်လျှောက် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင်များ အပေါ်တွင် တရုတ်အနေဖြင့် ဩဇာ သက်ရောက်မှုရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။

၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က မိုင်းလားမြို့မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ် တွေ့ဆုံစဉ်

၎င်းက “ဩဇာလွမ်းမိုးမှုကတော့ အများကြီး ဖြစ်နေတာပေါ့နော်၊ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ဩဇာလွမ်းမိုးမှုကတော့ ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ AA ဆိုတာလည်း တရုတ်နဲ့ ပတ်သက်သွားတယ်၊ နောက် TNLA ဆိုတာလည်း တရုတ်နဲ့ ပတ်သက်သွားတယ်၊ နောက်ပြီးတော့ UWSA ဆိုတာလည်း “ဝ”ဆိုတာလည်း တရုတ်နဲ့ ပတ်သက်သွား တယ်ပေါ့နော်၊ တရုတ်ကနေပြီးတော့ လုံးဝ ဖြူရင် ဖြူ၊ မဲရင် မဲဆိုတာမျိုးတော့ လုပ်လို့မရဘူးပေါ့၊ သို့သော် အတိုင်းအတာ တစ်ရပ်အထိတော့ တရုတ်ရဲ့ လွမ်းမိုးမှုက အများကြီး ရှိနေတာပေါ့နော်” ဟု ပြောသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး နယ်စပ်အနီးတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ MNDAA၊ TNLA နှင့် AA စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။