CNI International News

ဝါရှင်တန်၊ ဇူလိုင် ၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ယူကရိန်းစစ်ပွဲကြောင့် ပိတ်ဆို့ခံထားရသည့် ပင်လယ် လမ်းကြောင်း ပြန်ဖွင့်ဖို့ ရုရှားကို G-20 က ဖိအားပေးရန် တိုက်တွန်းခဲ့ပြီး မော်စကို(ရုရှား)၏ စစ်ပွဲ ဆင်နွှဲနေခြင်းကို မထောက်ခံရန် တရုတ် အား ထပ်လောင်း သတိပေးခဲ့ကြောင်း ရိုက်တာက ရေးသားဖော်ပြသည်။

ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ပိတ်ဆို့ထားသော ပင်လယ်လမ်းကြောင်းများ ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ ကြိုးပမ်း လျက်ရှိ သည်။

ဘလင်ကင်သည် ယနေ့(ဇူလိုင် ၆ ရက်)တွင် G-20 နိုင်ငံခြားရေးဝန်ကြီးများ၏ အင်ဒိုနီရှားနိုင်ငံ၊ ဘာလီကျွန်း အစည်းအဝေးသို့ ရောက်ရှိလာခဲ့သည်။

၎င်း၏ ခရီးစဉ်အတွင်း ဘလင်ကင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ယမန်နှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်သော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နှင့် တွေ့ရန် မျှော်မှန်းထားခြင်း မတွေ့ရပေ။

G-20 ညီလာခံ (GETTY IMAGES)

ယခု G-20 ဝန်ကြီးများ အစည်းအဝေးတွင် ဝါရှင်တန်အနေဖြင့် မော်စကိုအပေါ် ယူကရိန်း ကျူးကျော်စစ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ချပြ ဆွေးနွေးလာမည်ဟု နိုင်ငံရေးလေ့လာသူများက ကြိုတင်သုံးသပ်ထားကြသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့ ကျူးကျော်စစ် စတင်စဉ်ကတည်းက ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်မှုအတွက် ဝါရှင်တန် နှင့် မဟာမိတ်များသည် မော်စကို(ရုရှား)အား အပြစ်တင် ရှုတ်ချခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဈေးကွက်ထဲသို့ အဓိက ကုန်စည်များ တင်ပို့သူဖြစ်သည့် ရုရှားကလည်း အမေရိကန် ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများကို တုံ့ပြန်အပြစ် တင်ခဲ့သည်။

ဘလင်ကင်သည် စွမ်းအင်လုံခြုံရေးကိစ္စကို ယခုအစည်းအဝေးတွင် အလေးပေးမည်ဖြစ်ပြီး ယူကရိန်းနှင့်ရုရှားတို့ထံမှ စားသောက်ကုန်နှင့် ဓာတ်မြေဩဇာများ ကမ္ဘာ့ဈေးကွက် ပြန်ရောက်ဖို့ ကုလသမဂ္ဂ (UN) ကြိုးပမ်းနေခြင်းကိုလည်း အားဖြည့် ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရာမင်တာဝေ (Ramin Toloui) က သတင်းထောက်များကို ပြောကြားခဲ့သည်။

“G-20 နိုင်ငံတွေ အနေနဲ့ ရုရှားကို တာဝန်ခံခိုင်းပြီး ဂျုံစပါး တင်ပို့မှုအတွက် ပင်လယ်လမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ UN ကြိုးစား နေတာကို ထောက်ခံဖို့အရေး တောင်းဆိုပေးကြဖို့ ရည်ရွယ်ပါတယ်။ G-20 အဆင့်မှာပဲဖြစ်ဖြစ်၊ G-10 တစ်နိုင်ငံချင်းပဲ ဖြစ်ဖြစ် ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က အလေးပေး တိုက်တွန်းသွားမယ့် အချက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ အပျက်အစီးများ (AFP)

ထို့နောက် သင်္ဘောသွားလာမှုများကို ရုရှား ပိတ်ဆို့ထားသည်ဟု စွပ်စွဲထားသော ယူကရိန်းက ဂျုံစပါးတင်ပို့အတွက် အာမခံ ချက်ရရန် တူရကီ၊ UN တို့နှင့် ယခုသီတင်းပတ်အတွင်း ဆွေးနွေးနေသည်။

ဂျုံစပါးတင်ပို့မှု ပိတ်ဆို့ကြောင်း စွပ်စွဲချက်ကို ရုရှားက ငြင်းပယ်ခဲ့ပြီး ဆိပ်ကမ်းများတွင် ယူကရိန်း၏မိုင်းများ ချထားခြင်း ကြောင့် ပိတ်ဆို့မှုအချို့ မဖယ်ရှားနိုင်သေးကြောင်း ယူကရိန်းဘက်ကို အပြစ်တင်ခဲ့သည်။

လာမည့် ဇူလိုင် ၉ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဘလင်ကင်တို့ တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ကြရန် မျှော်လင့်ထားကြောင်း အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်း သံတမန် ဒန်နီယယ်ခရစ္စတင်ဘရင့် (Daniel Kritenbrink) က ပြောကြားခဲ့သည်။

“အဲဒီတွေ့ဆုံမှုကျရင် ယူကရိန်းကိစ္စမှာ တရုတ် ဘာလုပ်မယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ မျှော်လင့်ချက်တွေ ကျနော်တို့ဘက်က ချပြဖို့ နောက်ထပ် အခွင့်အလမ်း ဖြစ်လာမှာပါ” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: Reuters