CNI International News

ဟီရိုရှီးမား၊ မေလ ၂၀

နျူကလီးယားကင်းစင်သော ကမ္ဘာကြီးဖြစ်ရေးအမြင်အား မြှင့်တင်ရန်အတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါက ဟီရိုရှီးမား (Hiroshima) မြို့ရှိ နျူကလီးယားဗုံးကျရောက်ခဲ့သောနေရာသို့ G7 ခေါင်းဆောင်များကို ခေါ်ဆောင် သွားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

ဂျပန်သည် အမေရိကန်၏ နျူကလီးယားအရိပ်အောက်တွင် စစ်အင်အားကို တိုးချဲ့ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်နေသောနိုင်ငံဖြစ်ခြင်းကြောင့် ကီရှီဒါသည် ဂျပန်၏ ကာလရှည် စစ်ဆန့်ကျင်ရေး ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည့် ခေါင်းဆောင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်းခံရမည့်သူ ဖြစ်လာနိုင်သည်။

ထိုသို့ မတူညီသောအခြေအနေနှစ်ခုက လုံခြုံရေးအရ မသေချာမရေရာမှုများသော အခြေအနေတွင် ဂျပန် ဝန်ကြီးချုပ်အနေဖြင့် အစီအစဉ်များကို ရေးဆွဲရန် ကြိုးစားကာ ၎င်းတို့၏ နိုင်ငံတကာပုံရိပ်ကိုဆင့်ကဲ ပြောင်းလဲ နေသည်ဆိုခြင်းကိုလည်း ဖော်ညွှန်းနေသည်။

ထိုင်ဝမ်အပါအဝင် တရုတ်၏ဒေသတွင်း နယ်မြေပိုင်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ မြင့်တက်လာခြင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်များထုတ်လုပ်မှုအတွက် စိုးရိမ်မှုရှိနေရခြင်း စသည့်အခြေအနေများက ဂျပန်အစိုးရကို တုန်လှုပ်စေလျက်ရှိသည်။

G7 ခေါင်းဆောင်များတွေ့ဆုံပွဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် နှင့် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Rahm Emanuel နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ကို တွေ့ရစဉ်(ဓါတ်ပုံ- ရိုက်တာ)

တစ်ချိန်တည်းမှာပင် အာရှဒေသတို့ အမေရိကန်၏ ကာလရှည်သြဇာလွှမ်းမိုးရေးအပေါ် မေးခွန်းထုတ်မှုများ ရှိလာချိန်တွင် ဂျပန်အစိုးရသည် ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် ပိုမိုတာဝန်ယူရမည့် အခြေအနေသို့ ရောက်ရှိလာသည်။ ယင်းကြောင့် ဒီဇင်ဘာလတွင် ကီရှီဒါသည် လာမည့်ငါးနှစ်အတွင်း ဂျပန်၏စစ်အသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်းအထိ နှစ်ဆမြှင့်တင်ရန် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

ယင်းက ဒုတိယကမ္ဘာစစ် နောက်ပိုင်းကတည်းက ရှိခဲ့သောဂျပန်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ အခြေအနေကို လည်း ကြီးမားစွာ သက်ရောက်မှုရှိစေခဲ့သည်။ ဂျပန်၏လုံခြုံရေးဆိုင်ရာ မဟာဗျူဟာအရွေ့တွင် နိုင်ငံ၏ ဆိုက်ဘာ ရေးရာ လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ အဝေးမှရန်သူများကို ဖျက်ဆီးနိုင်စွမ်းရှိသည့် အမေရိကန်၏ ဒုံးကျည်များကို ဝယ်ယူရန် အစီအစဉ်များလည်း ပါဝင်သည်။

အမေရိကန်နှင့်ပူးပေါင်းမှုက ဂျပန်၏လုံခြုံရေးမူဝါဒအတွက် အရေးပါဆုံးအဖြစ် ရှိနေဆဲဖြစ်သော်လည်း ယင်းကို မသင့်တော်ဟု နားလည်သဘောပေါက်မှုရှိလာကြောင်း တိုကျိုတက္ကသိုလ်တစ်ခုမှ နိုင်ငံရေးသိပ္ပွံပညာရှင် တစ်ဦး က ပြောသည်။

ကြိုတင်ခန့်မှန်း၍ မရသောမလုံခြုံမှုအပြင် ထိုင်ဝမ်အရေးအတွက် အလွန်အမင်းစိုးရိမ်မှုရှိနေခြင်းက ဂျပန်အနေ ဖြင့် လုံခြုံရေးအတွက် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်မှုတိုးမြှင့်ကာ Quad နှင့် နေတိုးအဖွဲ့ဝင်များကဲ့သို့ တခြား သော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ်ကြောင်း သဘောပေါက်လာစေခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းကြောင့်ဂျပန်အနေဖြင့် နိုင်ငံတကာရေးရာကိစ္စများတွင် ထဲထဲဝင်ဝင် ပိုမိုပတ်သက်လာကြောင်း၊ G7 ညီလာခံ သည် ယင်းကို ပြသရန် အကောင်းဆုံးအခွင့်အလမ်းဖြစ်ကြောင်းလည်း ထို ပညာရှင်က သုံးသပ်ခဲ့သည်။

Source:Aljazeera