CNI International News

ကိယတ်ဗ်၊ မေလ ၆

ယူကရိန်းအရှေ့ပိုင်း ဘတ်မု (Bakhmut) မြို့ တိုက်ပွဲမှ ၎င်း၏တပ်ဖွဲ့များကို လာမယ့် သီတင်းပတ်တွင် ဆုတ်ခွာစေတော့မည်ဟု ရုရှား၏ဝဂ်နာ (Wagner) ကြေးစားတပ်ဖွဲ့ပိုင်ရှင်က သောကြာနေ့တွင် ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။

ရုရှားစစ်တပ် အနေဖြင့် မိမိတို့တပ်ဖွဲ့ဝင်များကို ခဲယမ်းများထောက်ပံ့ရန် ပျက်ကွက်ခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲသည်။

ရုရှားသမ္မတ ပူတင် (Putin)နှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ယက်ဗ်ဂျီနီ ပရီဂေါ့ဟင် (Yevgeny Prigozhin) က ဝဂ်နာများသည် လာမည့် မေလ ၉ ရက်တွင် ဘတ်မုကို သိမ်းပိုက်ရန် ပြင်ဆင်ထားသည်ဟု ပြောခဲ့သည်။

သို့သော် အထောက်အပံ့ ကောင်းစွာမရရှိမှု၊ အကျအဆုံးများမှုတို့ကြောင့် ထိုစစ်ဆင်ရေးကို မေလ ၁၀ ရက်တွင် ရုရှားစစ်တပ်သို့ လွှဲပြောင်းပေးမည်ဟု ၎င်းက ပြောသည်။

သောကြာနေ့ ပြောဆိုမှုသည် ပရီဂေါ့ဟင်၏ ပထမဆုံး ခြိမ်းခြောက်မှုတော့ မဟုတ်ပေ။

ဝဂ်နာပိုင်ရှင်သည် ရုရှားစစ်တပ်နှင့် ကာလကြာရှည် အဆင်မပြေမှုများရှိကာ ခဲယမ်းရှားပါးမှုနှင့် ပတ်သက်၍ ရုရှား စစ်တပ်အား မကြာခဏဆိုသလို အပြစ်တင်ခဲ့သူ ဖြစ်သည်။

ဝဂ်နာအဖွဲ့၀င်များ သေဆုံးနေသည်ကို ပြ၍ ရုရှားကိုအပြစ်တင်နေသော ပရီဂေါ့ဟင်ကို တွေ့ရစဉ်

ပရီဂေါ့ဟင်၏ ပြောခွင့်ရပုဂ္ဂိုလ်သည်လည်း သောကြာနေ့တွင် ဗွီဒီယိုတစ်ခု တင်ခဲ့ကာ ယင်းတွင် ဝဂ်နာပိုင်ရှင်အား ယူနီဖောင်းဝတ် အလောင်းများဘေး၌ ရပ်နေသည်ကို တွေ့ရပြီး ထိုအလောင်းများသည် ကြာသပတေးနေ့ တစ်နေ့ ထဲတွင် ကျဆုံးခဲ့သည့် ဝဂ်နာစစ်သားများ ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် ဗွီဒီယို၌ ပရီဂေါ့ဟင်သည် ခဲယမ်းများ ထောက်ပံ့ရန်လည်း ရုရှားကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့ အား ဒေါသတကြီး တောင်းဆိုခဲ့သည်။

သေဆုံးသူများတွင် မိသားစုများရှိသည်ဟု ၎င်းကပြောခဲ့ကာ မိမိတို့အား ခဲယမ်းများမပေးသည့် လူဖျင်းများ ငရဲ၌ အူများ အစားခံရပါစေဟုလည်း ကျိမ်ဆိုခဲ့သည်။

ဝဂ်နာတပ်ဖွဲ့သည် ဘတ်မုမြို့သိမ်း တိုက်ပွဲကို ဦးဆောင်လျက်ရှိသည်။ ယင်းကို ယူကရိန်းစစ်ပွဲ၏ အရှည်ကြာဆုံး နှင့် သေဆုံးမှု အများဆုံးတိုက်ပွဲဟု သတ်မှတ်နိုင်သည်။

ရှစ်လကြာ တိုက်ပွဲတွင် လူထောင်ချီ သေဆုံးခဲ့ပြီဟု ယူဆရပြီး ထိုတိုက်ပွဲမှ ဝဂ်နာများ ထွက်ခွာသွားခြင်းက ရုရှား စစ်တပ်အတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာပေလိမ့်မည်။

ယူကရိန်းအတွက်တင်မူ ဘတ်မုတိုက်ပွဲသည် ရုရှားကျူးကျော်စစ်ကို ခုခံမှု၏ အရေးပါသော ပြယုဂ်တစ်ခုဖြစ် သည်။ ထိုမြို့ကို လက်လွှတ်ရလျှင် ယူကရိန်းအနေဖြင့် လက်ခံနိုင်စရာ မရှိသော သတ်မှတ်ချက်များကို ခေါင်း ညှိတ်ရမည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟုလည်း ယူကရိန်းသမ္မတက ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ယူကရိန်းစစ်မြေပြင်၌ ဝဂ်နာတပ်ဖွဲ့ဝင် ၅၀၀၀၀ ခန့် တိုက်ပွဲဝင်နေသည်ဟု အမေရိကန်က ခန့်မှန်းထားသည်။

ရှေ့တန်း စစ်မြေပြင်တစ်ခုကိုတွေ့ရစဉ်

ဒီဇင်ဘာလ နောက်ပိုင်း ယူကရိန်း စစ်မြေပြင်တွင် သေဆုံးခဲ့သည့် ရုရှား တပ်ဖွဲ့ဝင် ၂၀၀၀၀ ခန့်မှ တစ်ဝက်မှာ ဘတ်မုတွင် သေဆုံးခဲ့သည့် ဝဂ်နာများဖြစ်သည်ဟု အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် က ပြောသည်။

ပရီဂေါ့ဟင်သည် ဝဂ်နာအဖွဲ့ကို စတင်ထူထောင်ခဲ့သည့် ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလကတည်းက ရုရှားစစ်တပ် ခေါင်းဆောင်ပိုင်းနှင့် အငြင်းပွားမှုများ ရှိခဲ့သည်။

ယူကရိန်းစစ်ပွဲ ကာလတွင်လည်း ၎င်းသည် ရုရှားစစ်တပ် အရာရှိများကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ၎င်းတို့သည် ညံ့ဖျင်းကြောင်းလည်း လူသိရှင်ကြား စွပ်စွဲပြောဆိုခဲ့သည်။

ယင်းက တင်းကြပ်စွာ ထိန်းချုပ်ထားသည့် ရုရှားနိုင်ငံရေး စနစ်အတွင်းမှ ကြုံတောင်ကြုံခဲ အခြေအနေလည်း ဖြစ်သည်။

Source: AP