CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆

နစက နှင့် NUG တို့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟုဆိုကာ စည်းရုံးနေမှုသည် နိုင်ငံရေး အမြတ်သဘောဖြင့်သာ ပြောနေကြကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နစက နှင့် NUG သည် ဖက်ဒရယ်ကို နိုင်ငံ‌ရေးအမြတ်သဘော ပြောနေကြသော်လည်း ဖက်ဒရယ်မူများကို လက်ခံ ထားပြီး ကျင့်သုံးမည်ဆိုသည်ကို မတွေ့ရှိရကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဟန့်အတားကတော့ လက်ရှိ အကြမ်းဖက်တာပေါ့၊ အကြမ်းဖက်မှုတွေ ရှိနေသမျှ တော့ အဟန့်အတား ဖြစ်နေမှာပဲ၊ လက်နက်ကိုင်ပဋိပက္ခကို လျှော့ချပြီးတော့ တွေ့ဆုံ ဆွေးနွေးရေးတွေကို စမှ ဖက်ဒရယ် တည်ဆောက်တဲ့ လမ်းက ပေါ်မယ်၊ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး စတယ်ဆိုတာတောင် ဖက်ဒရယ်တစ်ခါတည်း ပေါ်သေးတာ မဟုတ်သေးပါဘူး။ ဖက်ဒရယ်ပေါ်ဖို့အတွက် အခြေခံမူချတာတို့ သဘော တူညီချက် ယူတာတို့ နိုင်ငံရေးအရ Political solution လို့ခေါ်တာပေါ့။ နိုင်ငံရေး အဆုံးအဖြတ်တွေကို အရင်ယူ ပြီးမှ ဖက်ဒရယ်ကို သွားလို့ရမှာ၊ အခု အင်အားပြိုင်ဆိုင်နေတဲ့ အကြိတ်အနယ် သူနိုင်၊ ကိုယ်နိုင် အားပြိုင်နေတဲ့ အဖွဲ့တွေကတော့ ဖက်ဒရယ်ကို စည်းရုံးရေးသဘော နိုင်ငံရေးအမြတ်သဘော ပြောနေကြပေမဲ့ လက်တွေ့ ဖက်ဒရယ် အခြေခံမူတွေကို လက်ခံထားပြီး သူတို့ကိုယ်တိုင် ကျင့်သုံးမယ်ဆိုတာ မတွေ့သေးဘူး၊ အဲဒါကြောင့် အဲဒီ ဖက်ဒရယ် အခြေခံမူတွေကို ရတဲ့အထိ သဘောတူထားမှ ဒါက ကျနော်တို့ ဖက်ဒရယ်ကို သွားနိုင်မှာ ဖြစ် တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 

၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ခဲ့သော လက်နက်ကိုင် ခေါင်းဆောင်များကိုတွေ့ရစဉ်

နစကနှင့် NUG တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မည်ဟု အသီးသီး ပြောနေကြ သော်လည်း မည်ကဲ့သို့သော ဖက်ဒရယ်မျိုး တည်ဆောက်မည်ဆိုသည်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့အတူ နစကနှင့် NUG တို့သည့် ကျဉ်းထဲကျပ်ထဲရောက်မှ ဖက်ဒရယ်ကို အကြောင်းပြပြီး အပြိုင်အဆိုင် မဲဆွယ် သလို ဖြစ်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စစ်တပ်ပဲနေနေ၊ ဒီ NLD ပဲနေနေ၊ ဒီ NUG ပဲ နေနေ သူတို့က ကျဉ်းထဲကျပ်ထဲရောက်မှ ဒီဟာကြီး (ဖက်ဒရယ်)ကို အပြိုင်အဆိုင်ပြပြီး မဲဆွယ်သလို ဖြစ်တယ်၊ အဲဒီဟာတော့ တော်တော်လေး နိုင်ငံတည်ဆောက် ရေးလား၊ တိုင်းပြည် တည်ဆောက်ရေးလား ဘာလုပ်မှာလဲဆိုတဲ့ အဓိက ဗမာနှစ်စုရဲ့ အမျှော်အမြင် အားနည်းမှု ပေါ့နော်၊ အဲဒီ weak point ကို ကွင်းကွင်းကွက်ကွက် မြင်ရတာပေါ့၊ နဂိုကတည်းက ကျနော်ဆိုလိုတာ ပရိုအက်တစ် ပေါ့ဗျာ၊ ဖြစ်လာမှ တုံ့ပြန်တာထက် ကြိုတင်ပြီး လုပ်ထားနိုင်တယ်ဆိုရင် ဒီအခြေအနေမျိုး မရောက်ဘူးပေါ့လေ၊ ဒါကတော့ ဘယ်ဖက်ပါမလဲဆိုပြီးမှ အနိုင်ကစားတဲ့ ပွဲမှာ မဲဆွယ်ကြတဲ့ဟာ တစ်ခုပါပဲ၊ တကယ်တမ်းကြတော့ သူတို့ရဲ့ မက်လုံးတွေက ကျနော်မြင်တဲ့အမြင်မှာ သိပ်ပြီး ဆွဲဆောင်မှု မရှိဘူး။ အဲဒီသဘောမျိုး ဖြစ်နေတယ်၊ ဒါပေမဲ့ တချို့ကတော့ အခြေအနေ အရဆိုတဲ့ဟာမျိုး ဖြစ်တာပေါ့လေ” ဟု ပြောသည်။

AA ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသလို NUG ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအား တည်ဆောက်မည်ဟု ပြောကြား ထားသည်။
သို့သော်လည်း လက်ရှိအချိန်ထိ ဖက်ဒရယ်မူများကို ချပြနိုင်ခြင်း မရှိသေးပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုနေသော် လည်း ULA/AA ကမူ ဖက်ဒရယ်ထက် မြင့်မားသည့် အခွင့်အာဏာရှိသော ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်) အဆင့်အတန်း ရလိုကြောင်း တောင်းဆိုလျက်ရှိသည်။

ထို့နောက် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ကမူ ဖက်ဒရယ်ဟု မပြောသလို ကွန်ဖက်ဒရေး ရှင်းဟုလည်း မပြောဘဲ တရုတ်နိုင်ငံကဲ့သို့ တစ်နိုင်ငံတည်း မူဝါဒ ၂ ခုဖြင့် အုပ်ချုပ်နိုင်သော အခြေအနေကို ဖန်တီးရယူထားသလို ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။