CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)တို့သည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု ပြောနေသော်လည်း လက်ရှိအချိန်ထိ ဖက်ဒရယ်မူကို မချပြသေးကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ဖွဲ့စည်းပုံအရ ပေးထားသည့် အခွင့်အရေးများမှာ တပ်မတော်အာဏာယူပြီးနောက် ပျက်စီးသွားကြောင်း၊ လက်နက်မရှိပါက အခွင့်အရေး မရနိုင်သည့်အတွက် ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် အင်အားစုရင်း တိုက်ပွဲဝင်ရင်း သွားလိမ့်မည်ဟု ထင်မိကြောင်း ၎င်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံကိုတွေ့ရစဉ်

ဦးဖေသန်းက “ဖက်ဒရယ်မှာ ‌မော်ဒယ်အမျိုးမျိုးရှိမှာပေါ့နော်၊ မော်ဒယ်ဘယ်လောက် မြင့်မလဲပေါ့။ ဘယ်လောက် ထိ တိုင်းရင်းသားတွေကို လုပ်ပိုင်ခွင့် ပေးမလဲပေါ့။ ဥပမာ Power Sharing ‌ပေါ့။ ဘယ်လောက်ထိ မျှဝေခွင့်၊ လုပ်ပိုင်ခွင့်ကို မျှဝေပေးနိုင်မလဲ။ နောက် Resource Sharing ပေါ့။ သူ့ဒေသထွက်တဲ့ သယံဇာတတွေ ဘယ် လောက် ရာခိုင်နှုန်း ပေးနိုင်မလဲ။ နောက်ပြီးတော့မှ Tax Sharing ပေါ့၊ အခွန်အခတွေ ဘယ်လောက်အထိ ကောက်ခံပိုင်ခွင့်ပေးမလဲ၊ အဲဒါတွေ မကဘူး သူတို့မှာ တကယ့် ဒီတပ်တွေကို ဘယ်လို တည်ဆောက်ကြမလဲ၊ တစ်ခုတည်းသော တပ်မ‌တော်ဆိုတဲ့ ခေါင်းစဉ်မျိုးကတော့ စစ်ကောင်စီရဲ့ စစ်တပ်အောက်ကို ရောက်သွားတဲ့ ပုံစံ မျိုးကတော့ သူတို့က အဖြစ်ခံမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တကယ့်ကို ဖွဲ့စည်းပုံအရ ပေးထားတဲ့ အခွင့် အရေးတွေတောင်မှ စစ်အာဏာသိမ်းလိုက်ပြီဆိုရင် အကုန်လုံး ပျက်စီးသွားတယ်၊ အဲဒီ‌နောက်ပိုင်းမှာ လက်နက် မရှိရင်‌တော့ ဘယ်လိုမှ အဲဒီအခွင့်အရေးကို ထပ်တောင်းလို့ မရတော့ဘူး။ အဲဒီလို အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ။ ဆို တော့ ဒီလို လက်နက်ကို အချိန်အတိုင်းအတာ တစ်ခုအထိပေါ့နော်၊ သူတို့ဖက်ကတော့ ကိုင်ထားဖို့ ဆန္ဒရှိလိမ့်မယ်၊ လိုလည်း လိုလိမ့်မယ်။ အဲဒါကြောင့် ဟိုဖက်က ဖက်ဒရယ်၊ ဒီဖက်က ဖက်ဒရယ် ဘယ်လိုပဲပြောပြော ဘယ်ဖက်က မှ ဖက်ဒရယ်ရဲ့ မူကို မချပြသေးဘူး။ အဲဒါကြောင့် ULA/AA အနေနဲ့ကတော့ စောင့်ကြည့်ရင်း အင်အားစုရင်း တိုက်ပွဲဝင်ရင်း အဲဒီလိုပဲ သွားနေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစက ပြုလုပ်သည့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု အရေးတို့ကို အယုံအကြည်မရှိကြောင်း တရုတ် အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

၎င်းက “ဒီလိုရှိတယ်ဗျ၊ နစက-ကတော့ ဘာပြောပြော ကျမတို့က ယုံစရာမရှိဘူးလေ၊ သူတို့က နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး အမျိုးမျိုး ဆယ်(လှည့်)စားလာတာကို။ ဒါကြောင့်မို့လို့ သူတို့ ချမပြတာလည်း ကောင်းပါတယ်။ အခု သူတို့ဆီ သွားနေတာဆိုလည်း ခြောက်ချိခြောက်ချက် အဖွဲ့လေးတွေပဲလေ။ သိပ်ကြီးကြီးမားမား ဩဇာကြီး တဲ့ အဖွဲ့တွေလည်း မပါပါဘူး။ အဲဒီတော့ သိပ်တော့ ပူစရာမရှိပါဘူး။ နောက် သူတို့လုပ်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးတို့ ဘာတို့ဆိုတာလည်း မင်းအောင်လှိုင် ကိုယ်တိုင်ပြောပြီးပြီပဲ၊ လက်နက်ကိုင်မယ်ဆိုရင် ဟိုဒင်း လုပ်ကြဆိုတာ အပြတ် ပြောထားပြီးပြီ။ အဲဒီတော့ သူတို့ လိုချင်တဲ့ ဖက်ဒရယ်ဆိုတာ ဒါပဲလေ။ သူတို့ရဲ့ စစ်တပ်ထဲ အားလုံး ပါဝင် လာပြီး စစ်တပ်ထဲ ဩဇာကို ခံမယ့်ဟာမျိုးပဲ ဖြစ်မှာပေါ့။ ဒါကြောင့်မို့လို့ မက်လောက်စရာမရှိပါဘူး” ဟု ပြော သည်။

လက်ရှိ အာဏာရနေသည့် အဖွဲ့အစည်းအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုပ်ဆောင်သင့် ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က ဥပဒေဘောင်ထဲက နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ မူဝါဒက ခိုင်ခိုင်မာမာ ကျနော်တို့ မှာ ရှိတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခု ဖြစ်စေချင်တယ်။ အဲဒါကြောင့် ဒီဖက်ဒရယ်မူဝါဒကို ကျ‌နော်တို့ တစိုက် မတ်မတ်တောင်းလည်း တောင်းဆိုခဲ့တယ်၊ လွှတ်‌တော် အသီးသီးမှာလည်း တင်ပြခဲ့တယ်၊ အခုလည်း ကျနော်တို့ နိုင်ငံရေးမူဝါဒ ချပြီးတော့ လုပ်နေတယ်။ အဲဒီတော့ ဒီနေ့ အာဏာရနေတဲ့ အဖွဲ့အစည်းတွေက တိုင်းရင်းသားတွေ ရဲ့ အခက်အခဲကို သေသေချာချာ နားလည်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ မြင်တာကတော့ မိမိတို့ရဲ့ ရရှိတဲ့ အာဏာကို တိုင်းရင်းသားတွေကို ခွဲမပေးနိုင်တဲ့အတွက် ဒီအရုပ်ဆိုး အကျဉ်းတန်ပြီးတော့ အင်မတန် အခံရ ခက်တဲ့ ကြီးမားတဲ့ ဒုက္ခဆင်းရဲဖြစ်နေတာ အနှစ် ၇၀ ပြည်တွင်းစစ် တိုက်ပွဲဖြစ်နေတာ အခုထိလည်း ဒီအုပ်ချုပ်တဲ့ လူတွေက တိုင်းရင်းသားတွေ အပေါ်မှာ စစ်မှန်တဲ့ စေတနာမရှိဘူးလို့ ကျနော်တို့ မြင်တယ်၊ စစ်မှန်တဲ့ စေတနာ ရှိရင် တိုင်းရင်းသားတွေ တစာစာတောင်းနေတဲ့ တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ စစ်မှန်တဲ့ ဖက်ဒရယ် ပေါ်ပေါက်ရေးတို့ကို ဒါလုပ်သင့်တာက အချိန်အလွန်ကြီးကို လွန်သွားပြီ။ အဲဒီတော့ နှစ်ဖက်စလုံး အခုထိ အဲဒီလို ချမပြနိုင်တာက မိမိတို့ရဲ့ ဖြစ်ချင်တဲ့ ပုံစံပဲ ထင်ရှားပါတယ်ခင်ဗျ။ ပြည်သူတွေရဲ့ အမြင်ကတော့ ဒီအတိုင်း မြင်နေရ ပါတယ်ခင်ဗျ” ဟု ပြောသည်။

တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနဲ့ တရုတ် ၊ ကုလ သံတမန်တို့ကိုတွေ့ရစဉ်

 

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသလို NUG ကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဟု ပြောကြားထား သည်။

သို့သော်လည်း လက်ရှိ အချိန်ထိ ဖက်ဒရယ်မူများကို ချပြနိုင်ခြင်း မရှိသေးပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကတော့ တချို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆို နေသလို ULA/AA ကတော့ ဖက်ဒရယ်ထက် မြင့်မားသည့် အခွင့်အာဏာရှိသော ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒ ရိတ်)အဆင့်အတန်း ရလိုကြောင်း တောင်းဆိုလျက်ရှိသည်။

ထို့နောက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကမူ ဖက်ဒရယ်ဟု မပြောသလို ကွန်ဖက်ဒရေးရှင်း ဟုလည်း မပြောဘဲ တရုတ်နိုင်ငံကဲ့သို့ တစ်နိုင်ငံတည်း မူဝါဒ ၂ ခုဖြင့် အုပ်ချုပ်နိုင်သော အခြေအနေကို ဖန်တီးရယူ ထားသလိုဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။