CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ ဆန္ဒကို ဆန့်ကျင်သည့် လုပ်ရပ်မျိုး ဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား ခဲ့သည်။

မိမိတို့ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပြုသဘောဆောင် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့အတူ တရုတ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ဆွေးနွေးပွဲကို အပြုသဘောဆောင်သည့် ဆွေးနွေးပွဲ ဟု သုံးသပ်ကြောင်း ၎င်းက ပြောသည်။

ဒူဝါလရှီးလက “ကျနော်တို့အားလုံးရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်တပ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ ကာကွယ်ရေးတပ်များရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ဟာ တိုင်းရင်း သား လက်နက်ကိုင်များနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်လျက် ရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်ပါစေလို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သုံးသပ်ပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ကတော့ တိုင်းရင်းသား ပြည်သူ တရပ်လုံးရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ လုပ်ရပ်မျိုး ဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောလိုပါတယ်” ဟု ပြောသည်။

NUG ၏ အဖွဲ့၀င်များကို တွေ့ရစဉ်

တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ ဆန္ဒကို ဆန့်ကျင်သည့် လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဟု ပြောဆိုခြင်းမှာ ကောင်းမွန်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီလိုမျိုး ပြောတယ်ဆိုလို့ရှိရင် သိပ်ကောင်းတယ်ပေါ့၊ ဒါက ကောင်းတဲ့အလုပ်ပါ။ သူတို့က တိုင်းရင်းသား အဖွဲ့တွေ အားလုံးပေါ့ နိုင်ငံ‌ရေးပါတီရော၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရော နောက်ပြီးတော့မှ နောက်ပြီး တော့ လူထု အခြေခံ အဖွဲ့အစည်းတွေရော သူတို့က ဆွဲဖို့လိုပါတယ်။ တကယ်လို့ အခုဒီအလုပ်က ဒီမိုကရေစီဟာ ရွေးကောက်ပွဲကလာတယ်၊ ဒီရွေးကောက်ပွဲကလာတဲ့ အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲကလာတဲ့ သူတွေရဲ့ ဦးဆောင်မှုအောက်ကို လိုက်ကြပါ၊ အဲဒီလိုမျိုး ပုံစံနဲ့ လုပ်မယ်ဆိုလို့ရှိရင် သူက အများက လက်မခံနိုင်ဘူး။ သူတို့က တန်းတူဖြစ်စေချင်တာပေါ့နော်” ဟု ပြောသည်။

ပြည်သူလူထု၏ သဘောထားနှင့် တစ်ထပ်တည်းရှိသည်ဟု ဆိုလိုကြောင်း၊ သို့သော်လည်း လူမျိုးစုအတွက်ပဲ လုပ်သည့် ပုံစံမျိုးဖြစ်ပါက လက်ခံရန် ခက်လိမ့်မည်ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

 NUG ၏ အဖွဲ့၀င်များကို တွေ့ရစဉ်

၎င်းက “ပြည်သူတွေ မကြိုတဲ့ဟာမျိုးတော့ မလုပ်ဘူးဆိုတဲ့ သဘောမျိုးပေါ့၊ သူက ပြည်သူလူထုရဲ့ သဘောထား တစ်ထပ်တည်း ရှိတယ်ဆိုတဲ့ဟာမျိုး ဖြစ်ပါလိမ့်မယ်၊ ပြည်သူတွေ ဆိုတဲ့ဟာက ဘယ်အတိုင်းအတာအထိ ပြော တာလည်းတော့ မသိဘူး၊ လူများစုအတွက်ပဲ ပြောတာလား ဒီဟာတော့ လုပ်မှပဲ သိမှာပေါ့နော်၊ အဓိကကတော့ ပင်လုံစာချုပ်အရ ကျနော်တို့ဟာ ပြည်ထောင်စုကြီး တည်ဆောက်တယ်ဆိုတဲ့ဟာကို အဲဒီအပေါ်မှာ မူတည်ပြီးမှ ဘာပဲဖြစ်ဖြစ် အဲဒီဟာကို လုပ်ဆောင်သွားတယ်ဆိုရင်တော့ အကုန်လုံးပါဝင်တဲ့ အခြေအနေမျိုးပဲ ဖြစ်ပါလိမ့်မယ်၊ ဒါမှ မဟုတ်ဘူးဆိုရင် လူများစုအတွက်ပဲ လုပ်တယ်ဆိုတဲ့ဟာမျိုးကြတော့ ကျနော်တို့ ကချင်ပဲပြောပြော၊ ရှမ်းပဲ ပြောပြော၊ ချင်းပဲပြောပြော ဒီပြည်ထောင်စုထဲမှာ ပင်လုံစာချုပ်အရ ပါတဲ့ဟာတွေက လက်ခံဖို့တော့ ခက်ပါလိမ့် မယ်၊ ဒါကြောင့်လည်း အကုန်လုံးပါနိုင်တဲ့ အဆင့်မျိုး ဆိုတာကတော့ အကုန်လုံးကို ခြုံငုံပြီးမှတော့ လုပ်လာ လိမ့် မယ်လို့ ကျနော်တော့ ဒီလိုပဲ မျှော်လင့်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ NLD အစိုးရမှ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ နစကကို ဖွဲ့စည်းပြီး အုပ်ချုပ်လျက် ရှိနေသည်။

အဆိုပါ တပ်မတော်၏ ဆောင်ရွက်ချက်ကို ဒီမိုကရေစီအင်အားစုများက နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသလို NUG မှ တပ်မတော်အား ပြန်လည် ဖြုတ်ချနိုင်ရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိနေသည်။