CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၆

တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း(Deng Xijun)နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ မတ်လ ၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။

အဆိုပါ တွေ့ဆုံမှုတွင် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက် ခိုင်မာရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “ မြန်မာ- တရုတ်နယ်စပ် ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

ထို့နောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် အာရှရေးရာအထူးကိုယ်စားလှယ် တာဝန်ကို ဆွန်ကော်ရှန် နေရာမှာ အစားထိုး ယူလိုက်သည့်အချိန်မှာပဲ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ကို တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ NDAA ခေါင်းဆောင်များ မိုင်းလားမှာ တွေ့ဆုံစဉ်

ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်တွင် ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နစကနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

တခြား တစ်ဖက်မှာလည်း တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်မှာ လှုပ်ရှားနေသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်မတော်(MNDAA)မှ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ တိုက်ပွဲများ မဖြစ်အောင် ထိန်းသိမ်းရန် တွေ့ဆုံ ဆွေးနွေးခဲ့သည်။