CNI News

၂၀၂၂ ခုနှစ်၊ မေလ ၆

ပြည်ထောင်စု၏ ပြဿနာများကို ဖြေရှင်းနိုင်ရေး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းမည်ဆိုပါက ပါဝင်သင့်သည့် အစုအဖွဲ့အားလုံး ပါဝင်ရန်လိုအပ်ကြောင်း ချင်းအမျိုးသားတပ်ဦး-CNF မှ ယနေ့ (မေလ ၆ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

နစက ဥက္ကဋ္ဌမှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဧပြီလ ၂၂ ရက်က ပြောကြားခဲ့သည်ကို ကြားသိရကြောင်း CNF က ပြောသည်။

“ ပြည်ထောင်စု၏ ပြဿနာများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် မိမိတို့ အစဉ်တစိုက် ပြောဆိုခဲ့သည့် အရာဖြစ်ပါသည်။ နိုင်ငံရေး ဆွေးနွေးမည်ဆိုလျှင် ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်ရန်၊ နိုင်ငံတကာမှ ကြားဝင် စေ့စပ်ပေးရန်၊ နိုင်ငံရေးပြဿနာများကို အမှန်တကယ် အဖြေရှာရန် လိုအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ထောင်စု၏ ပြဿနာများကို ပါဝင်သင့်သည့် Stakeholder များအားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုဖြင့် အဖြေရှာရန် လိုအပ်ကြောင်း၊ CNF အနေဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည် သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

 CNF ထုတ်ပြန်ချက်

နစက ဥက္ကဋ္ဌက လက်ရှိ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များနှင့် ဆွေးနွေးမည် မဟုတ်ကြောင်း နစကမှ ပြောကြားထားသည်။

CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားသည့် ချင်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။ လက်ရှိတွင် ချင်းပြည်နယ်အတွင်းရှိ နွေဦးတော်လှန်ရေးမှတဆင့် ဖွဲ့စည်းထားသော ဒေသကာကွယ်ရေးတပ်ဖွဲ့ များဖြင့် ပူးပေါင်း၍ တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။