CNI International News

ဘေဂျင်း၊ မတ်လ ၆

လာမည့်နှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟု တရုတ်အစိုးရက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

ယင်းသည် ပြီးခဲ့သည့်နှစ် ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးမြင့်မှုထက် အနည်းငယ် မြင့်တက်လာခြင်း ဖြစ်သည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ကာကွယ်ရေးအသုံးစရိတ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကာကွယ်ရေး အသုံးစရိတ်တွင် ရှစ်နှစ်ဆက်တိုက် ဂဏန်းတစ်လုံးတည်းသာ တိုးမြှင့်မှု ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဘတ်ဂျက်မှာ ယွမ် ၁ ဒသမ ၅၅ ထရီလီယံ ( ဒေါ်လာ ၂၂၄ ဘီလီယံ) ဖြစ်သောကြောင့် ၂၀၂၃ ခုနှစ်ထက် အကြမ်းဖျင်း ထက်ဝက်နီးပါး မြင့်တက်လာခြင်း ဖြစ်သည်။

ရှီကျင့်ဖျင်နဲ့ လီခဲကျင်ကိုတွေ့ရစဉ် (AP)

ထို့ကြောင့် တရုတ်သည် ကမ္ဘာ့အကြီးဆုံး တပ်အင်အားဖြစ်ပြီး မကြာခင်ကလည်း တတိယမြောက် လေယာဉ်တင် သင်္ဘော တစ်စင်းကို တရုတ်က ရေချခဲ့သည်။

တရုတ်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း အကြီးဆုံးသော လေတပ်အင်အားကို ပိုင်ဆိုင်ထားရုံမက ယင်း၏ လေယာဉ် ထက်ဝက်ကျော်သည် စတုတ္ထနှင့် ပဉ္စမမြောက် မျိုးဆက်များ ပါဝင်နေသည်ဟု အမေရိကန်က ပြောသည်။

တရုတ်သည် များပြားသည့် ဒုံးကျည်အင်အားကို ပိုင်ဆိုင်ထားရုံမက ရေဒါပျောက် လေယာဉ်များ၊ ဒုံးကျည် လက်နက် သယ်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်များ၊ ခေတ်ရှေ့ပြေး စစ်သင်္ဘောများနှင့် နျူကလီးယား စွမ်းအင် သုံး ရေငုပ်သင်္ဘောများလည်း ရှိသည်။

အင်အား ၂ သန်းရှိသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် အာဏာရ ကွန်မြူနစ်ပါတီ၏ စစ်ဘက် အခွဲဖြစ်ကာ ယင်းကို သမ္မတနှင့် ပါတီခေါင်းဆောင်ဖြစ်သူ ရှီကျင့်ဖျင် (Xi Jinping) က ကွပ်ကဲသည်။

တနင်္ဂနွေနေ့ လွှတ်တော်၏ နှစ်ပတ်လည် အစည်းအဝေးတွင် လက်နက်ကိုင် တပ်များအပေါ် ပါတီ၏ အကြွင်းမဲ့ ဦးဆောင်နိုင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်ဟု ဝန်ကြီးချုပ် လီခဲကျင်(Li Keqing) က ပြောသည်။

PLA သည် နိုင်ငံတော် ကာကွယ်ရေးနှင့် စစ်ဘက် တိုးတက်မှုများတွင်လည်း ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့သည်ဟု လီက ပြောသည်။

အမေရိကန်- တရုတ်- ထိုင်ဝမ် (GETTY IMAGES)

မည်ကဲ့သို့သော အောင်မြင်မှုမျိုး ဖြစ်သည်ကို အတိအကျ ရှင်းပြခဲ့ခြင်း မရှိသော်လည်း လီသည် နယ်စပ် ကာကွယ်ရေး၊ ရေကြောင်း အခွင့်အရေး ကာကွယ်ရေး၊ အကြမ်းဖက်မှု တန်ပြန်ရေးနှင့် ငြိမ်းချမ်းမှု ထိန်းသိမ်းခြင်း၊ သဘာဝ ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး၊ ကုန်သင်္ဘောများအား စောင့်ရှောက်ရေးအပြင် အစိုးရ၏ zero-COVID မဟာ ဗျူဟာတို့ အပေါ်တွင် PLA ၏ ပတ်သက်မှုများကို လီက ကိုးကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် တရုတ်သည် ကာကွယ်ရေးအတွက် ဂျီဒီပီ၏ ၁ ဒသမ ၇ ရာခိုင်နှုန်း သုံးခဲ့ကာ အမေရိကန်သည် ၃ ဒသမ ၅ ရာခိုင်နှုန်း သုံးခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များကဲ့သို့ နှစ်စဉ် အသုံးစရိတ် တိုးမြှင့်မှုမှာ ဂဏန်းနှစ်လုံးသို့ ရောက်ရှိခဲ့ခြင်း မရှိသောလည်း အစိုးရအကြွေးများ များပြားနေချိန်၊ စီးပွားရေး တိုးတက်မှု ဆယ်စုနှစ် လေးခုအတွင်း ဒုတိယမြောက် အနိမ့်ဆုံးသို့ ရောက်ရှိနေချိန်တွင် တရုတ်၏ ကာကွယ်ရေး အသုံးစရိတ်မှာ မြင့်မားနေဆဲ ဖြစ်သည်။

မြှင့်တင်ထားသော အသုံးစရိတ် အများစုကို တပ်ဖွဲ့ဝင်များအတွက် သုံးမည်ဟု အစိုးရက ပြောသည်။ PLA သည် ပြီးခဲ့သည့် နှစ်များတွင် နိုင်ငံခြားသို့ တပ်သားများ စေလွှတ်မှုကို မြှင့်တင်ဆောင်ရွက်လာသည်။

Source: AP