CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၅

နယူးဒေလီနှင့်မွမ်ဘိုင်းမြို့တို့ရှိ BBC သတင်းဌာန ရုံးခန်းများကို အိန္ဒိယအကောက်ခွန်အရာရှိများက အင်္ဂါနေ့တွင် ဝင်ရောက်ရှာဖွေခဲ့သည်ဟု AP သတင်းတွင်ဖော်ပြသည်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) အား ဝေဖန်သည့် မှတ်တမ်းရုပ်ရှင်တစ်ခုကို ဗြိတိန်တွင် ထုတ်လွှင့် ပြသခဲ့ပြီး သီတင်းပတ်များအကြာတွင် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း BBC ဘက်က ပြောသည်။

အိန္ဒိယဝင်ငွေခွန်ဌာန၏ လုပ်ဆောင်ချက်သည် မီဒီယာအား ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များနှင့် အတိုက်အခံနိုင်ငံရေးသမားများက ပြစ်တင်ရှုတ်ချသည်။ အာဏာပိုင်များနှင့်အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ယခုအခြေအနေကို အမြန်ဆုံးဖြေရှင်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း BBC ဘက်က ပြောသည်။ အခွန်အရာရှိများသည် အင်္ဂါနေ့ညနေပိုင်းအထိ ရုံးများတွင်ရှိနေဆဲဟုလည်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဘီဘီစီ ရုံးခန်းအဆောက်အအုံ ဂိတ်ပေါက်၌ သတင်းထောက်များအား ရဲအရာရှိနှင့် ပုဂ္ဂလိက လုံခြုံရေးအစောင့်တစ်ဦးက တားဆီးနေစဉ်(ဓါတ်ပုံ-အေပီ)

ဝန်ထမ်းတစ်ချို့ကို ရုံးတွင်ဆက်ရှိနေရမည်ဟု တောင်းဆိုထားကြောင်း၊ လက်ရှိစစ်ဆေးမှုများနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းထုတ်လွှင့်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း BBCC ဘက်က ပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်ပေးရန် အိန္ဒိယ အခွန် အရာရှိများက ငြင်းဆိုသည်။

အခွန်အရာရှိများသည် BBC နှင့် ၎င်းအိန္ဒိယရုံးခွဲ၏ စီးပွားလုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်စပ်နေသည့် စာရွက် စာတမ်းများကို ရှာဖွေနေခဲ့သည်ဟု အတည်မပြုနိုင်သော သတင်းအရင်းအမြစ်များကို ကိုးကား၍ Press Trust of India သတင်းတွင် ဖော်ပြသည်။

Editors Guild of India ဘက်ကလည်း ယခုလုပ်ဆောင်ချက်ကို ရှုတ်ချခဲ့ပြီး အိန္ဒိယအစိုးရသည် အစိုးရ၏ မူဝါဒ များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအတွက် အရေးပါသော မီဒီယာအဖွဲ့များကို အစိုးရအေဂျင်စီများ အသုံးပြုကာ ခြိမ်းခြောက်၊ နှောင့်ယှက်ခြင်းလမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေသည်ဟုလည်း ပြောသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အိန္ဒိယဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ အက်ကာ ပါတဲလ်(Aakar Patel) ကလည်း ယခုလုပ်ရပ် သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စော်ကားခြင်းဟု ပြောသည်။ အခွန်အရာရှိများ၏ စုံစမ်းစစ်ဆေးခြင်း သည် ဒီမိုကရေစီနည်းလမ်းများနှင့်ဆန့်ကျင်နေကြောင်း၊ ယင်းက မိုဒီ အစိုးရသည် ဝေဖန်မှုများကို ကြောက်လန့် နေသည်ကို ဖော်ပြနေကြောင်း အိန္ဒိယအတိုက်အခံတစ်ဦးက ပြောကာ အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဘီဘီစီ ရုံးခန်းအပြင်ဘက်တွင် တွေ့ရှိရသည့် မီဒီယာသမားများ(ဓါတ်ပုံ-အေပီ)

BBC အနေဖြင့် အိန္ဒိယ၏ ဥပဒေများကို လိုက်နာခဲ့ပါလျှင် ယခုစစ်ဆေးမှုများနှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိ ကြောင်း မိုဒီ၏ ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

BBC သည်မကောင်းသည့်သမိုင်းကြောင်းနှင့် အိန္ဒိယအတွက် အမုန်းတရားများရှိကြောင်း၊ ယင်းသည် အကျင့်ပျက် ကြောင်းပြောခဲ့သော်လည်း တိတိကျကျ ဖြေရှင်းချက်ပေးခဲ့ခြင်းမရှိပေ။

ဗြိတိန်မီဒီယာအဖွဲ့သည် ပြီးခဲ့သည့်လတွင် “India: The Modi Question,” ဆိုသော မှတ်တမ်းရုပ်ရှင်ကို ဗြိတိန် တွင် ထုတ်လွှင့်ခဲ့သည်။ ယင်းတွင် ဂူဂျာရတ်ပြည်နယ်ကို မိုဒီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် ၂၀၀၂ ခုနှစ်၌ ဖြစ်ပွားခဲ့သော မူဆလင်ဆန့်ကျင်ရေး ပဋိပက္ခများတွင် မိုဒီ၏ပါဝင်မှုကို ဖော်ပြထားသည်။

Source:AP