CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁၅

မိမိ အစိုးရကို ဖြုတ်ချရန် ရုရှားဘက်က ကြံစည်ခဲ့သည်ဆိုသော မော်ဒိုဗာသမ္မတ၏ စွပ်စွဲချက်ကို ရုရှားဘက်က အင်္ဂါနေ့တွင် ဒေါသတကြီး ငြင်းဆိုခဲ့သည်။

မော်ဒိုဗာအစိုးရသည် ၎င်းတို့၏ ပြည်တွင်း ပြဿနာများကို ပြည်သူများ အာရုံမစိုက်နိုင်အောင် ပြည်သူများကို အာရုံလွှဲရန် ကြိုးစားနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇတ်ဟာရိုဗာ (Maria Zakharova) ပြန်လည်စွပ်စွဲခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ရုရှားသည် မော်ဒိုဗာကို ၎င်းတို့ လက်အောက်ခံအဖြစ် ထားရှိရေးနှင့် အီးယူသို့ ပူးပေါင်းရန် ကြိုးပမ်းခြင်းကို လမ်းလွဲသွားစေရေးအတွက် အစိုးရအဆောက်အဦများအား တိုက်ခိုက်ရန်၊ ဓားစာခံများ ဖမ်းဆီးရန်နှင့် သောင်း ကျန်းသူများ၏ တခြားသော အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြံစည်ခဲ့သည်ဟု မော်ဒိုဗာသမ္မတ မာယာ ဆန်ဒူ (Maia Sandu) က တနင်္လာနေ့တွင် ပြောသည်။

ထိုပြောဆိုချက်သည် လုံးဝ အခြေအမြစ်မရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇတ်ဟာ ရိုဗာ (Maria Zakharova) က အင်္ဂါနေ့တွင် တုန့်ပြန်ခဲ့သည်။

မော်ဒိုဗာသမ္မတ မာယာဆန်ဒူနဲ့ မော်ဒိုဗာပြည်သူများကိုတွေ့ရစဉ်(fb)

အဆိုပါ ပြောဆိုချက်များသည် အမေရိကန်၊ အနောက်နိုင်ငံများနှင့် ယူကရိန်းတို့ အသုံးပြုခဲ့သော နည်းလမ်းများ ကို အခြေခံကာ ဖန်တီးခဲ့ကြောင်း၊ အတည်မပြုနိုင်သည့် ထောက်လှမ်းရေး အချက်အလက်များကို အသုံးပြု၍ စွပ်စွဲချက်များကို ဦးစွာဖန်တီးပြီး ၎င်းတို့၏ တရားဝင်လုပ်ရပ်များကို အဆုံးအဖြတ်ပေးရေးအတွက် အသုံးချနေ ခြင်းဖြစ်ကြောင်း ဇတ်ဟာရိုဗာက ပြောသည်။

မော်ဒိုဗာနိုင်ငံကို ဖျက်ဆီးရန် ရုရှားလျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့၏ အစီအစဉ်များအား ယူကရိန်းဘက်က တွေ့ရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်အကြာတွင် ဆန်ဒူ၏ စွပ်စွဲချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတ၏ ပြောဆိုမှုကို အတည်ပြုနိုင်သည်ဟုလည်း မော်ဒိုဗာ ထောက်လှမ်းရေး အရာရှိများက ပြော သည်။

 မော်ဒိုဗာသမ္မတ မာယာဆန်ဒူနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

ယူကရိန်းသည် ရုရှားနှင့် ထိပ်တိုက် တွေ့ဆုံမှုအတွင်း မော်ဒိုဗာကို ဆွဲခေါ်ရန် ထိုသို့ ပြောခဲ့ခြင်း ဖြစ်ကြောင်း၊ မော်ဒိုဗာ အစိုးရသည်လည်း နိုင်ငံအတွင်းမှ ပြဿနာများအပေါ် ပြည်သူများ အာရုံလွဲစေရန်နှင့် ပြည်တွင်းမှ အတိုက်အခံများကို တိုက်ခိုက်နိုင်ရေးအတွက် ရုရှား၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်သော စိတ်ကူးယဉ် ဇာတ်လမ်း ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်ဟုလည်း ဇတ်ဟာရိုဗာက ပြောသည်။

ရုရှားသည် မော်ဒိုဗာအား မည်သည့် ခြိမ်းခြောက်မှုမှ မရှိကြောင်းနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဆက်ဆံရေး ကို ဖန်တီးသွားရန် မျှော်လင့်ကြောင်းလည်း သူမက ပြောသည်။

ပြီးခဲ့သည့်နှစ် ယူကရိန်းကို ရုရှားကျူးကျော် လိုက်ချိန်မှ စတင်ကာ လူဦးရေ ၂ ဒသမ ၆ သန်းရှိသော ဆိုဗီယက် နိုင်ငံဟောင်းသည် အနောက်အုပ်စုနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရရှိရန် ကြိုးပမ်းခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတွင် ၎င်းတို့သည် အီးယူအဖွဲ့ဝင်ဖြစ်ရေး ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

Source: AP