CNI International News

ဘူဒါပတ်၊ ဖေဖော်ဝါရီ ၂

နေတိုးအဖွဲ့သို့ ဝင်ခွင့်ရရေး တူရကီ၏ ထောက်ခံမှုကို လိုချင်လျှင် ဆွီဒင်နိုင်ငံအနေဖြင့် မတူကွဲပြားသော နည်း လမ်းသစ်ကို ရှာသင့်သည်ဟု ဟန်ဂေရီနိုင်ငံရေးခြားရေးဝန်ကြီး ပီတာ ဆစ်ဂျာတို(Peter Szijjarto) က အင်္ဂါနေ့ တွင် ပြောခဲ့ကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

ကိုရမ်စာအုပ်ကို မီးရှို့ခြင်းနှင့် စတော့ဟုမ်းမြို့(Stockholm)ရှိ တူရကီသံရုံး အပြင်ဘက်တွင် ဆန္ဒပြခြင်းကလည်း လက်ခံစရာမရှိဟု ၎င်းက ဆိုသည်။

ဟန်ဂေရီဝန်ကြီး ပီတာ ဆစ်ဂျာတို(Peter Szijjarto)က တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ဘူဒါပတ်မြို့တွင် တွေ့စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးနှစ်ဦးသည် နေတိုးအဖွဲ့သို့ ဝင်ခွင့်ရရေး တူရကီ၏ ထောက်ခံမှုရရှိရန် ဆွီဒင်ဘက်မှ ကြိုးပမ်းစဉ် နှစ်နိုင်ငံ ကြား တင်းမာမှုများကို မြင့်တက်စေခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ကျင်းပခဲ့သော တူရကီဆန့်ကျင်ရေး ဆန္ဒပြမှုများ အကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။

တူရကီနဲ့ ဟန်ဂေရီ နိုင်ငံရေးခြားရေးဝန်ကြီး နှစ်ဦးဆွေးနွေး(AP)

ခရစ်ယာန်နှင့် ကတ်သလစ် တစ်ဦးအနေဖြင့် တခြား ဘာသာတစ်ခု၏ အလေးအမြတ်ထားရာ စာအုပ်ကို မီးရှို့ခြင်း သည် လက်မခံနိုင်စရာကိစ္စဟု ယူဆကြောင်း ဆစ်ဂျာတိုက ပြောပြီး ဆွီဒင်ဝန်ကြီးချုပ်၏ မှတ်ချက်ကိုလည်း ဝေဖန်ခဲ့သည်။
ကိုရမ်စာအုပ်ကို မီးရှို့ခြင်းသည် မသင့်တော်ကြောင်း၊ မလေးမစား ပြုလုပ်ခြင်းဖြစ်ကြောင်း ဆွီဒင်ဝန်ကြီးချုပ်က ပြောခဲ့သည်။ သို့သော်လည်း ယင်းသည် ဆွီဒင်နိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုခွင့် ကာကွယ်ရေးအောက်တွင် ရှိနေသည်ဟု တုန့်ပြန်ခဲ့သည်။

အဆိုပါ ပြောစကားသည် ရူးနှမ်းမှုဖြစ်ကြောင်း၊ ဆွီဒင်အနေဖြင့် တူရကီ၏ ထောက်ခံမှုကို လိုချင်လျှင် တခြားပုံစံ တစ်မျိုးဖြင့် ကြိုးပမ်းသင့်ကြောင်း ဟန်ဂေရီနိုင်ငံရေးခြားရေးဝန်ကြီး ပီတာဆစ်ဂျာတိုက ပြောခဲ့သည်။

ဆွီဒင်နှင့်ဖင်လန်တို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေကြောင်း၊ သို့သော် နေတိုးအဖွဲ့ဝင်များ အနက် တူရကီနှင့် ဟန်ဂေရီတို့၏ သဘောတူ အတည်ပြုမှု လိုအပ်နေသည်။

ဆွီဒင်၊ဖင်လန်၊ တူရကီနဲ့နေတိုး အကြီးအကဲများကိုတွေ့ရစဉ်(GETTY IMAGES)

ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် မြောက်ဥရောပနှစ်နိုင်ငံသည် ၎င်းတို့၏ စစ်ရေးအရ ကြားနေမှုကို လွှတ်ချကာ နေတိုးအဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံ ၃၀ လုံး တစ်ညီတစ်ညွတ်တည်း သဘောတူမှသာ နေတိုးအဖွဲ့တွင် အဖွဲ့ဝင်အသစ်ကို လက်ခံရသော သတ်မှတ်ချက် တစ်ခုရှိနေခြင်းကြောင့် ဆွီဒင်နှင့်ဖင်လန်တို့မှာ မဟန့်အတားဖြစ်နေသည်။

တူရကီနိုင်ငံသည် ဟန်ဂေရီနှင့်အတူ နေတိုးအဖွဲ့ ကျယ်ပြန့်လာခြင်းကို သဘောတူညီကြောင်း၊ သို့သော် လက်ရှိ အချိန်တွင် ဆွီဒင်၏ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ခွင့်ပြုရန် မဖြစ်နိုင်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ဆန္ဒပြသည့် လုပ်ရပ်သည် တူရကီ၏ ရပ်တည်ချက်ကို ပြောင်းလဲသွားမည် အခြေအနေ မဖြစ်ဘဲ ရန်စမှုဖြစ်ခြင်းကနေ ပဋိပက္ခများကိုသာ ဖြစ်စေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကာဒ့်များ အပါအဝင် တူရကီနိုင်ငံဘက်မှ အကြမ်းဖက် သို့မဟုတ် နိုင်ငံအတွက် ခြိမ်းခြောက်မှုဟု ရှုမြင်ထားသော အဖွဲ့များအပေါ် ဆွီဒင်နိုင်ငံ၏ ဆက်ဆံမှုသည် ၎င်းတို့ကို ဒေါသဖြစ်စေသည်ဟု တူရကီအစိုးရဘက်က ပြောဆို ထားသည်။

ထို့နောက် ယခု အခြေအနေမျိုးတွင် ဆွီဒင်အနေဖြင့် တူရကီ၏ ထောက်ခံမှုကို မမျှော်လင့်နှင့်ဟုလည်း တူရကီ သမ္မတ အာဒိုဂန်(Erdogan)က ပြောသည်။

Source: AP