CNI International News

ဝါရှင်တန်၊ဇန်နဝါရီ ၂၆

၂၀၁၉ ခုနှစ်တုန်းက အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံကြား နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိခဲ့ကာ အမေရိကန် ကြားဝင်ဟန့်တားနိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွန်ပီယို (Mike Pompeo)၏ စာအုပ်သစ်တွင် ရေးသားထားသည်။

ထိုဖြစ်ရပ်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ရီလတွင် ဖြစ်ပွားခဲ့သည်။ ကတ်ရှ်မီးယားဒေသတွင် အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးခဲ့သည့် အသေခံ ဗုံးခွဲမှုတစ်ခုအတွက် ပါကစ္စတန်နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့ တစ်ခုကို ပြစ်တင်ခဲ့ကာ ထိုအဖွဲ့ရှိရာနေရာကို အိန္ဒိယဘက်က စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကို တုန့်ပြန်သည့် အနေဖြင့် ပါကစ္စတန်ဘက်က အိန္ဒိယစစ်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကာ လေယာဉ်မှူးကို ဖမ်းဆီးခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် အိန္ဒိယ-ပါကစ္စတန် ရန်ဘက်နှစ်နိုင်ငံ နျူကလီးယား စစ်ပွဲ ဆင်နွဲရန် မည်မျှနီးစပ်မှု ရှိခဲ့သည်ကို တခြားသူများ သိရှိမည်ဟု မထင်ကြောင်း ပွန်ပီယိုက ၎င်း၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ်သစ်ဖြစ်သော Never Give an Inch တွင် ရေးသားထားသည်။

အင်္ဂါနေ့တွင် ထွက်ရှိခဲ့သော ထိုစာအုပ်တွင် ပွန်ပီယွန်က ဒေါ်နယ်ထရမ့် လက်ထက် ထိပ်တန်း သံတမန်တစ်ဦး အဖြစ် ကြုံတွေ့ခဲ့ရသည်များနှင့် CIA အကြီးအကဲဟောင်း တစ်ခုအဖြစ် တာဝန်ထမ်းဆောင်စဉ် သိရှိခဲ့ရသည် များကို ရေးသားဖော်ပြထားသည်။

မိုက်ပွန်ပီယို ရေးသားထားတဲ့စာအုပ်ကိုတွေ့ရစဉ်(GETTY IMAGES)

ထိုဖြစ်ရပ် ပေါ်ပေါက်ချိန်တွင် ထရမ့်နှင့် ကင်ဂျုံအန်တို့ တွေ့ဆုံပွဲအတွက် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း (Hanoi) သို့ ရောက်ရှိနေကြောင်း၊ ထို့နောက် သတင်းရရှိခဲ့သည်နှင့်တပြိုင်တည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆက်ရှ်မာ ဆာဝါရတ်ဂျ် (Sushma Saraj)ကို ဆက်သွယ်၍ ဆွေးနွေးခဲ့ရသည်။

ဆာဝါရတ်ဂျ်သည် ပါကစ္စတန်ဘက်က အိန္ဒိယကို တိုက်ခိုက်ရန် နျူကလီးယား လက်နက် ပြင်ဆင်နေသည်ဟု ယုံကြည်ခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယဘက်မှလည်း ပြင်ဆင်မှု ပြုလုပ်ထားသည်ဟု ပြောကြောင်း စာအုပ်တွင် ဖော်ပြထားသည်။

ထို့အတွက်ကြောင့် မည်သည့်အရာကိုမှ မလုပ်ဆောင်ရန်နှင့် အမေရိကန်နိုင်ငံခြားရေးအဖွဲ့ကို အချိန်ပေးရန် ပြောဆိုခဲ့ရသည်ဟုလည်း သိရသည်။

အိန္ဒိယ နဲ့ ပါကစ္စတန် နယ်မြေကိုတွေ့ရစဉ် (GETTY IMAGES)

အိန္ဒိယဘက်နှင့် စကားပြောဆိုပြီးနောက် ၎င်းနှင့်အတူ ဟနွိုင်းသို့ ရောက်ရှိနေသော အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန် (John Bolton) နှင့် ဆွေးနွေးသည်။ထို့နောက် ပါကစ္စတန်၏ ခေါင်းဆောင် အစစ်အမှန် ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဘက်ဂျ်ဝါ (Qamar Javed Bajwa) နှင့် ဆက်လက် ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုများအတွင်း ပါကစ္စတန်နိုင်ငံကလည်း အိန္ဒိယသည် ၎င်းတို့ကို တိုက်ခိုက်ရန် နျူကလီးယား ပြင်ဆင်နေ သည်ဟု ယုံကြည်နေကြောင်း သိခဲ့ရသည်။

ထို့ကြောင့် နယူးဒေလီ (New Delhi) နှင့် အစ္စလာမ္မာဘတ် (Islamabad) မြို့များရှိ အမေရိကန်သံ အဖွဲ့များက မည်သည့်ဘက်တွင်မှ နျူကလီးယားနှင့် ပတ်သက်၍ လှုပ်ရှားမှုမရှိကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးကို အသိ ပေးခဲ့ရသည်။

ထိုဖြစ်ရပ်သည် နာရီပိုင်းသာ ကြာမြင့်ခဲ့ကြောင်းနှင့် မည်သည့် နိုင်ငံသည်မှ ထိုစဉ်က ၎င်းတို့ ဆောင်ရွက်ခဲ့သလို ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုအား တားဆီးရေး စွမ်းဆောင်နိုင်ခဲ့မည် မဟုတ်ကြောင်း စာအုပ်တွင် ရေးသားဖော်ပြ ထားသည်ဟု သိရသည်။

Source: Aljazeera