CNI International News

ဘန်ဂျယ်၊ ဇန်နဝါရီ ၁၉

ဂမ်ဘီယာ ဒုသမ္မတ ဘာဒါရာအလီယူးဂျူ့ဖ် (Badara Alieu Joof) သည်အဖျားရောဂါကြောင့် အိန္ဒိယနိုင်ငံတွင် ကွယ်လွန်သွားခဲ့သည်ဟု သမ္မတ အဒမ်မာ ဘော်ရိုး (Adama Borrow) က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်ဟု Aljazeera သတင်းတွင် ဖော်ပြသည်။

အသက် ၆၅ နှစ်အရွယ် ဂျူ့ဖ်သည် ဂမ်ဘီယာ ဒုသမ္မတအဖြစ် ၂၀၂၂ ခုနှစ်တွင် ခန့်အပ်ခြင်းခံခဲ့ရသည်။ ယင်း မတိုင်ခင် ၎င်းသည် ပညာရေးဝန်ကြီးအဖြစ် ၂၀၁၇ မှ ၂၀၂၂ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ တွစ်တာတွင် ဘော်ရိုးက ဂျူ့ဖ်သည် အဖျားရောဂါကို ကာလတိုခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့သည်ဟု ရေးသားထားသော် လည်း မည်သည့်အချိန်တွင် သေဆုံးခဲ့သည်ဆိုသော အပြည့်အစုံကို ဖော်ပြထားခြင်းမရှိပေ။

ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ဂမ်ဘီယာ ဒုသမ္မတ ဘာဒါရာအလီယူးဂျူ့ဖ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ တွင် အီဂျစ်နိုင်ငံ၌ကျင်းပသည့် COP 27 ရာသီဥတုညီလာခံ၏ ခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဒုသမ္မတဂျူ့ဖ်သည် ဆေးဝါးကုသရန်အတွက် လွန်ခဲ့သည့် သုံးပတ်ကတည်းက ဂမ်ဘီယာမှ ထွက်ခွာလာခဲ့သူ ဖြစ်ကာ ယင်းမတိုင်ခင် လပေါင်းများစွာကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သူဖြစ်သည်။ ဂျူ့ဖ်သည် သမ္မတ ဘော်ရိုး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအနိုင်ရရှိခဲ့ချိန်တွင် စတုထ္တမြောက် လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ရွေးကောက်ပွဲထပ်မံအနိုင်ရရှိချိန်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ကွယ်လွန်ခဲ့ပြီဖြစ်သော ဒုသမ္မတသည် ဂမ်ဘီယာအရပ်ဘက်ဝန်ဆောင်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ကာ နောက်ပိုင်းတွင် အနောက်နှင့်ဗဟိုအာဖရိကဒေသတို့အတွက် ကမ္ဘာ့ဘဏ်၏ ပညာရေး စပယ်ရှယ် လစ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုရာထူး၌ ၎င်းသည် အဆင့်မြင့် ပညာရေး၊ လေ့လာရေး၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ အတွေ့အကြုံများကို ဝေမျှခဲ့သည်။

Source:Aljazeera