ဟိုချီမင်း၊ ဇန်နဝါရီ ၁၇

ဗီယက်နမ်သမ္မတ ငုယင်စွမ်းဖု(Nguyen Xuan Phuc)သည် ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

၎င်း၏ လက်အောက်မှအရာရှိများ စည်းကမ်းချိုးဖောက်ခြင်းနှင့် မှားယွင်းမှုများစွာ လုပ်ဆောင်ထားခြင်းကို အာဏာရကွန်မြူနစ်ပါတီမှ ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ထိုဖြစ်ရပ်များအား တာဝန်ယူရန် ယခုကဲ့သို့ ထွက်စာတင် ခြင်းဟုလည်း ဗီယက်နမ်နိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

အသက် ၆၈ နှစ်အရွယ် ဖုသည် ပြီးခဲ့သည့် နှစ်နှစ်ကမှ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၎င်း၏နေရာတွင် မည်သူကို အစားထိုးမည်လဲ ဆိုသည်ကိုတော့ မသိရသေးပေ။

တာဝန်ယူမှုကို ပြသရန် လိုအပ်သောကြောင့် သမ္မတသည် နုတ်ထွက်စာတင်၍ ရာထူးမှ အနားယူတော့မည်ဟု ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီကို ကိုးကားကာ နိုင်ငံပိုင်သတင်းတွင် ဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံအတွင်းက လူနေမှုကိုတွေ့ရစဉ်(GETTY IMAGES)

ယခုလအတွင်း ဒုတိယဝန်ကြီးချုပ် နှစ်ဦးကို လာဘ်စားမှုကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဖုက နုတ်ထွက် စာ တင်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် တခြားသော အရာရှိများလည်း ဖမ်းဆီးခံခဲ့ရသည်။

ကွန်မြူနစ်အုပ်ချုပ်သော ဗီယက်နမ်တွင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်စဉ် ဒုတိယဝန်ကြီးချုပ်နှစ်ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လကလည်း နိုင်ငံခြားရေးဝန်ကြီးကို အကျင့်ပျက်ခြစားမှု တစ်ခုတွင် ပါဝင်နေမှုဖြင့် ပါတီက ရာထူးမှ ထုတ်ပယ်ခဲ့သေးသည်။

ဖုရာထူးမှ နုတ်ထွက်လျှင် သမ္မတနေရာသည် လစ်ဟာမှုဖြစ်မည် ဖြစ်သော်လည်း မည်သူ့ကို အစားထိုးမလဲဆို သည်ကို ခန့်မှန်းရန် ခက်ခဲသည်ဟု ကွာလာလမ်ပူရှိ အယ်ဂျာဇီးယား သတင်းထောက် ဖလိုရင့် လွိုင် (Florence Looi) က ပြောသည်။

ဗီယက်နမ်သည် တစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်ကာ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုများကို ဂရုတစိုက် ကိုင်တွယ်ကြောင်း၊ ထို့ကြောင့် လေ့လာသူတချို့က ယခုကဲ့သို့ ဖြစ်ရပ်သည် ကြုံတောင်ကြုံခဲဖြစ်ကြောင်း ပြောကြသည်။

ထို့နောက် တချို့က ယင်းသည် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖြူထရောင်း၏ အာဏာ ကစားမှုဖြစ်သည်ဟု သုံးသပ်ကြောင်းလည်း သူမက ပြောသည်။ လက်ရှိ ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသည့် တိုလမ် (To Lam)သည် သမ္မတသစ် ဖြစ်လာရန် ရေပန်းစားနေသည်။

သမ္မတအဖြစ် ရေပန်းစားနေတဲ့ တိုလမ်ကိုတွေ့ရစဉ် (GETTY IMAGES)

ဖု၏ နုတ်ထွက်စာကို အမျိုးသားလွှတ်တော်၏ အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဗီယက်နမ် ဥပဒေပြု လွှတ်တော်သည် ယခုသီတင်းပတ်အတွင်း အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပမည် ဖြစ်သည်။

ဖုသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ အထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့နောက်တွင် သမ္မတအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတွင် အဓိပတိအုပ်ချုပ်သူမရှိဘဲ နိုင်ငံကို ကွန်မြူနစ်ပါတီ အတွင်းရေးမှူး၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က ဦးဆောင်သည်။

Source: အယ်ဂျာဇီးယား