CNI International News

လီမာ၊ ဇန်နဝါရီ ၁၃

သမ္မတ ဒီနာ ဘိုလူရာတီ (Dina Boluarte) အစိုးရအား ဆန့်ကျင်ဆန္ဒပြပွဲများသည် ခရီးသွားများ လာရောက်ရာ ကတ်စ်ကို (Cusco) မြို့အထိ ပျံ့နှံ့လာကာ ဗုဒ္ဓဟူးနေ့တွင် ပဋိပက္ခများဖြစ်ပွားခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

နိုင်ငံခြားသားခရီးသည်များရှိသော မြို့၏လေဆိပ်ကို ဆန္ဒပြသူများက သိမ်းပိုက်ရန်ကြိုးပမ်းခဲ့ရာ အရပ်သား ၃၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင်ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ သမ္မတဟောင်း ပီဒရို ကတ်စတီလို(Pedro Castillo)ကို ထောက်ခံသော ဆန္ဒပြပွဲများတွင် လမ်များကို ပိတ်ဆို့ခဲ့ကြပြီး ထိုဆန္ဒပြပွဲများ သည် နိုင်ငံတွင်းရှိ ပြည်နယ် ၄၁ ခုသို့ ပျံ့နှံ့လာခဲ့ကာ အများစုမှာ တောင်ပိုင်းဒေသများတွင် ဖြစ်သည်။

သမ္မတဟောင်း ပီဒရို ကတ်စတီလိုကို ထောက်ခံအားပေးသူများ ဆန္ဒပြဝန်းရံကြပြီး လမ်းပေါ်တွင် ကားများကို မီးရှို့ပိတ်ဆို့

ကတ်စတီလိုကို ဖမ်းဆီးခြင်းနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့်ဖြစ်သော မတည်ငြိမ်မှုများသည် ဒီဇင်ဘာလ အစပိုင်း တွင် ဖြစ်ပွားခဲ့သည်။ ကတ်စတီလိုသည် လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းခြင်း၊ ၎င်းအပေါ် စွပ်စွဲပြစ်တင်ခြင်း များကို ခေါင်းရှောင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။

ဆန္ဒပြသူတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိပ်တိုက်တွေ့ဆုံနေစဉ်(ဓါတ်ပုံ-EPA)

ဆန္ဒပြပွဲများသည် ကတ်စတီလိုကို ဆက်လက်ထောက်ခံနေဆဲဖြစ်သော ကျေးလက်ဒေသများတွင် အများဆုံး ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူများက ရွေးကောက်ပွဲချက်ခြင်းကျင်းပရန်၊ လက်ရှိသမ္မတရာထူးမှ နုတ်ထွက်ရန်၊ ကတ်စတီလိုကို လွှတ်ပေးရန်နှင့် ရဲတပ်ဖွဲ့နှင့်ပဋိပက္ခများအတွင်း သေဆုံးခဲ့သောဆန္ဒပြသူများအတွက် တရားမျှတ မှုကို ရှာဖွေရန် တောင်းဆိုထားသည်။

ဆန္ဒပြမှုများနှင့်ပတ်သက်သည့် အဆိုးရွားဆုံး အကြမ်းဖက်ဖြစ်ရပ်များသည် ဂျူလီယာကာ (Juliaca) မြို့တွင် တနင်္လာနေ့၌ ဖြစ်ပွားခဲ့ကာ လူ ၁၇ ဦးသေဆုံးခဲ့ရုံမက ရဲတပ်ဖွဲ့ဝင်တစ်ဦးပါ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။ ကတ်စ်ကိုမြို့မှ ဗုဒ္ဓဟူးနေ့ဖြစ်ရပ်တွင်လည်း သေနတ်ဒဏ်ရာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ကျန်းမာရေးအရာရှိများကပြောသည်။

ယင်းကြောင့် ဆန္ဒပြပွဲများအတွင်း သေဆုံးသူအရေအတွက်သည် ၄၈ ဦးအထိ မြင့်တက်လာပြီလည်း ဖြစ်သည်။ ဆန္ဒပြပွဲများအတွင်း လူသေဆုံမှုများနှင့်ပတ်သက်၍ သမ္မတဘိုလူရာတီအပေါ် ပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှု များအတွက် တာဝန်ရှိသူများထံမှ သတင်းအချက်အလက်များကို တောင်းဆိုထားသည်ဟုလည်း ပီရူးအမျိုးသား အစိုးရရှေ့နေရုံးက ပြောသည်။

လူ့အခွင့်အရေးဆိုင်ရာ အင်တာ-အမေရိကန်ကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့တစ်ခုသည်လည်း ပီရူးနိုင်ငံသို့ ရောက်ရှိကာဆန္ဒပြမှုများ၏ အခြေအနေနှင့် ရဲများ၏ တုန့်ပြန်ပုံတို့ကို စောင့်ကြည့်နေသည်ဟု သိရသည်။

Source:AP