- By CNI
- Category: နိုင်ငံရေး
- Hits: 387
CNI International News
ဂျကာတာ၊ ဇန်နဝါရီ ၂၁
အာဆီယံခေါင်းဆောင်များသည် လာမည့် စက်တင်ဘာလတွင် နှစ်ကုန်ညီလာခံကို ကျင်းပသွားမည်ဟု သိရသည်။
ယင်းက ပုံမှန်ထက် နှစ်လစော၍ ကျင်းပခြင်းဖြစ်သည်ဟု သံတမန်ရင်းမြစ်များမှ ပြောကြောင်း Thai PBS World သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့၏ ခေါင်းဆောင်မှု ကာလအတွင်း အာဆီယံနှင့်ပတ်သက်နေသော ညီလာခံ အားလုံး အပါအဝင် အရေးပါသော အခမ်းအနားများအတွက် အချိန်ဇယားကို ရေးဆွဲခဲ့ပြီးဖြစ်သည်ဟု ထိုသတင်း ရင်းမြစ်က ပြောသည်။
အာဆီယံဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၁၁ မှ ၁၅ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
ထို့နောက် အာဆီယံအဖွဲ့ဝင်များ အစည်းအဝေးဖြစ်သော ၄၂ ကြိမ်မြောက် အစည်းအဝေးကို မေလ ၉ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ၄၃ ကြိမ်မြောက် အစည်းအဝေးကိုတော့ စက်တင်ဘာ ၅ ရက်မှ ၇ ရက် အထိ ကျင်းပ မည်ဖြစ်သည်။
Rento Marsudi ကိုတွေ့ရစဉ် (fb)
ထိုအစည်းအဝေးသည် အရှေ့အာရှညီလာခံဖြစ်သည်။ ပုံမှန်ထက် ၂ လစော၍ကျင်းပ ခြင်းဖြစ်သည်။
စက်တင်ဘာလ အစည်းအဝေးအတွက် ရက်သတ်မှတ်ခြင်းကို G-20 အဖွဲ့ခေါင်းဆောင် ရာထူးကို ရယူထားသော အိန္ဒိယနိုင်ငံမှ သတ်မှတ်ထားသည့် ရက်နှင့်ကိုက်ညီအောင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု သတင်း အရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့်နှစ် G-20 အစည်းအဝေးကို ဂျကာတာတွင် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့၏ အစီအစဉ်များနှင့် ၎င်းတို့ ခေါင်းဆောင်မှု၏ ဦးစားပေး လုပ်ငန်းစဉ်များကို ဖေဖော်ဝါရီလ အစောပိုင်းတွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။
ယင်းတို့တွင် ဘဏ္ဍာရေးတည်ငြိမ်မှု၊ စွမ်းအင်၊ ကျန်းမာရေး၊ အစားအစာကဲ့သို့ လူသားများနှင့် သက်ဆိုင်မှုရှိသော ဘေးကင်းရေးနှင့် ပတ်သက်သည့် ရှုထောင့် အမျိုးမျိုးတို့ ပါဝင်သည်။
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများသည်လည်း ယခုနှစ် အစီအစဉ်များတွင် များစွာ နေရာယူထားမည်ဖြစ် ကြောင်း၊ ထိုအစီအစဉ်များတွင် မြန်မာအရေး၊ ယူကရိန်းစစ်ပွဲအရေး၊ ကိုရီးယားကျွန်းဆွယ်အရေးနှင့် တောင် တရုတ် ပင်လယ်အရေးတို့လည်း ပါဝင်သည်။
အင်ဒိုနီးရှား၏ နိုင်ငံရေးမူဝါဒနှင့် ပတ်သက်သည့် နှစ်ပတ်လည် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီ (Rento Marsudi)က အာဆီယံအနေဖြင့် ASEAN 2045 အတွက် ကြိုတင် ပြင်ဆင်ထားရမည်ဟု ပြောခဲ့သည်။
အာဆီယံ ညီလာခံကိုတွေ့ရစဉ် (GETTY IMAGES)
ASEAN 2045 တွင် ခေါင်းဆောင်သစ်သည် အမြင်များကို ပုံမှန်ခြင်းနှင် ပတ်သက်၍ အရေးပါသော အခန်းကဏ္ဍကို ရယူထားသည်။
အာဆီယံ၏ ဗဟိုပြုမှုသည် အရှေ့တောင်အာရှနှင့် အင်ဒိုပစိဖိတ်ဒေသတို့မှ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် မြှင့်တင်မှု ဖြစ်ရမည်ဟုလည်း သူမက ထပ်လောင်း ပြောဆိုခဲ့ကာ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ဆွေးနွေးပွဲများတွင် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ခိုင်မာအောင် ဆောင်ရွက် ရမည်ဟုဆိုသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားသည် အာဆီယံအထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းခဲ့သလို နိုင်ငံခြားရေး ဝန်ကြီး မာဆူဒီအား တာဝန်ပေးခဲ့သည်။
Source: Thai PBS
- By CNI
- Category: နိုင်ငံရေး
- Hits: 368
CNI International News
ယီရီဗန်၊ ဇန်နဝါရီ ၂၀
အာမေးနီးယား အရှေ့ပိုင်း ဂတ်ဟာကူးနစ် (Gegharkunik) ပြည်နယ် အဇတ်(Azat) ကျေးရွာရှိ စစ်တန်းလျား တစ်ခုတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးအမျိုးသား ၁၅ ဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
စစ်စခန်းတစ်ခုရှိ အင်ဂျင်နီယာနှင့် စနိုက်ဘာများ နေထိုင်ရာ အဆောင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့သည်ဟု အစောပိုင်း အချက်အလက်များတွင် တွေ့ရှိခဲ့ရကြောင်း ကာကွယ်ရေးဌာန၏ ကြာသပတေး နေ့ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။
ဒဏ်ရာရသူ သုံးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်းလည်း ပါဝင်သည်။ မီးသည် ဒေသစံတော်ချိန် မနက် ၁ နာရီ ၃၀ မိနစ်တွင် လောင်ခဲ့သည်။
မီးလောင်မှု ဖြစ်စေသည့် အကြောင်းအရင်းကို မသိရသေးဟုလည်း ကာကွယ်ရေးဌာနက ပြောသည်။ ယခုဖြစ်ရပ် မတိုင်ခင် ပြီးခဲ့သည့် သြဂုတ်လတွင်လည်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၆ ဦးသေပြီး ၆၀ နီးပါး ဒဏ်ရာ ရရှိခဲ့သည်။
မြို့တော် ယီရီဗန်(Yerevan) ရှိ ဈေးတစ်ခုမှ ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အာမေးနီးယားရဲ့ မြေပုံကိုတွေ့ရစဉ်
အဇတ်ရွာသည် အဇာဘိုင်ဂျန်နှင့် နယ်စပ်အနီးတွင် ရှိသည်။ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် အငြင်းပွား နယ်ဒေနှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ်တွင် စစ်ဖြစ်ခဲ့သည်။
နာဂိုနို-ခါရာဘတ် (Nagorno-Karabakh) ဒေသကို အဇာဘိုင်ဂျန် ပိုင်နက်အဖြစ် နိုင်ငံတကာက အသိအမှတ် ပြုသော်လည်း ယင်းတွင် အများစုနေထိုင်သော အာမေးနီးယား လူမျိုးများက ထိန်းချုပ်ထားသည်။
သီတင်းပတ် ခြောက်ပတ်ကြာ စစ်ပွဲသည် ရုရှားမှ ကြားဝင်ဆောင်ရွက်ပေးသော အပစ်အခတ်ရပ်စဲရေးကြောင့် နိဂုံး ချုပ် ခဲ့ရသော်လည်း အနည်းဆုံးလူ ၆၅၀၀ ခန့် သေဆုံးခဲ့ရသည်။
အကြီးစား တိုက်ပွဲများ ရပ်တန့်သွားသော်လည်း နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခများ ကျန်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အာမေးနီးယားစစ်သားများ သေဆုံးခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။
အာမေးနီးယားနှင့် နာဂိုနို-ခါရာဘတ်ကို ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းဖြစ်သည့် လာချင်စင်္ကြန် (Lachin Corridor) ဒေသတစ်လျှောက် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများဟု ဆိုသော အဇာဘိုင်ဂျန်များက ဆန္ဒပြမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်များတွင် နှစ်နိုင်ငံကြား တင်းမာမှုများရှိခဲ့သည်။
Souce: အယ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 331
CNI International News
လီမာ၊ ဇန်နဝါရီ ၂၀
သမ္မတသစ်ကို ကန့်ကွက်ရန်နှင့် ဖြုတ်ချခံ သမ္မတဟောင်းကို ထောက်ခံကြောင်း ပြသရန်အတွက် ပီရူးပြည်သူ ထောင်ပေါင်းများစွာက ကြာသပတေးနေ့တွင် မြို့တော်လီမာ (Lima) သို့ ချီတက်လာခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။
အဆိုပါ ဆန္ဒပြသူများက လက်ရှိသမ္မတ ဒီနာ ဘိုလူရာတီ (Dina Boluarte) ရာထူးမှ ဆင်းပေးရန်၊ ရွေးကောက်ပွဲ ကို ချက်ချင်းကျင်းပပေးရန်နှင့် နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကာလရှည် တောင်းဆိုနေမှုများ အတွက် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ရန် သမ္မဟောင်း ပီဒရိုကတ်စတီလို (Pedro Castillo)ကို ထောက်ခံ သူများက မျှော်လင့်ထားသည်။
ကတ်စတီလိုသည် ကျေးလက်ဒေသမှ ပေါ်ထွက်လာသည့် ပထမဆုံးသော ပီရူးသမ္မတဖြစ်ကာ လွှတ်တော်အား ဖျက်သိမ်းရန် ကြိုးပမ်းမှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ လက်ရှိ အချိန်အထိ ဆန္ဒပြပွဲများသည် နိုင်ငံတောင်ပိုင်း အန်းဒက်စ် (Andes ) တွင် အများဆုံး ပေါ်ပေါက်ခဲ့ပြီး လူ ၅၃ ဦး သေဆုံးခဲ့ရသည်။
ပီရူးမှာ သမ္မတသစ် နုတ်ထွက်ရေး ဆန္ဒပြနေကြစဉ်(AP)
အများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခများ ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်။ ဆန္ဒပြပွဲများ၊ လုံခြုံရေးအဖွဲ့ များနှင့် ပဋိပက္ခများက ဆယ်စုနှစ် နှစ်ခုအတွင်း ပီရူးနိုင်ငံအတွက် အဆိုးရွားဆုံးသော နိုင်ငံရေးဆိုင်ရာ အကြမ်း ဖက် မှုများဖြစ်ရုံမက မြို့တော်လီမာတွင် နေထိုင်သော မြို့ပြအထက်တန်းလွှာများနှင့် ဆင်းရဲသော ကျေးလက် ဒေသရှိ ဒေသခံများအကြား ကွဲပြားမှုများ ရှိနေသည် ဆိုခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။
ပီရူးနိုင်ငံမှ လူအများစု၏ အသံများမှာ တိတ်ဆိတ်နေရသည်ဟု ဆန္ဒပြရန် ချီတက်လာသော ရှေ့နေ တစ်ဦးက ပြောသည်။ မြို့တော်လီမာအထိ လာရောက် ဆန္ဒပြခြင်းဖြင့် ဘိုလူရာတီ အာဏာလွှဲပြောင်း ရယူချိန် ကတည်းက စတင်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုအားကောင်း လာမည်ဟု ဆန္ဒပြသူများက မျှော်လင့်နေသည်။
မြို့တော်သို့ ဆန္ဒပြသူများ ရောက်ရှိလာခြင်းက နောက်ထပ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ထပ်မံ ပေါ်ပေါက် လာဦးမည့် အရိပ်အယောင်လည်း ဖြစ်သည်။
ဆန္ဒပြသူများကိုတွေ့ရစဉ်(AP)
ကြာသပတေးနေ့တွင် ဆန္ဒပြသူများသည် လီမာမြို့ မြို့လယ်ခေါင်မှ နိုင်ငံ၏ လူချမ်းသာများ နေထိုင်ရာ မီရာ ဖလောရက်စ်သို့ ချီတက်ခဲ့ကြသည်။
ဆန္ဒပြပွဲများကို ငြိမ်းချမ်းစွာ လုပ်ဆောင်ရန်လည်း အစိုးရဘက်က တောင်းဆိုထားသည်။
၂၀၂၆ တွင် ကျင်းပရန် စီစဉ်ထားသည့် သမ္မတနှင့် လွှတ်တော် ရွေးကောက်ပွဲများကို ၂၀၂၄ တွင် ရှေ့တိုးဆောင် ရွက်ရေး အစီအစဉ်ကို ထောက်ခံသည်ဟု သမ္မတဘိုလူရာတီက ပြောသော်လည်း ဆန္ဒပြသူများက ပြည်သူများ အပေါ်တွင် အကြမ်းဖက်သော အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန်မရှိဟု ပြောသည်။
ဆန္ဒပြသူများက မြို့တော်လီမာသို့ ရောက်ရှိ နေချိန်တွင် ပီရူးတောင်ပိုင်း၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်ဟု လည်း သိရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 397
CNI International News
အင်ဖယ်လ်၊ ဇန်နဝါရီ ၂၀
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသတွင်ရှိသော မဏိပူရပြည်နယ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ ဒေသကြောင့် တိုက်ရိုက်နစ်နာသူ ဖြစ်လာပုံရကြောင်း NORTHEAST NOW သတင်းတွင် ဖော်ပြထားသည်။
မဏိပူရရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ပီဒွန်ဂဲလ် (P Doungel)က မြို့တော် အင်ဖာတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၃၉၈ ကီလိုမီတာ ထိစပ်နေပြီး ရွှေတြိဂံဒေသမှ သက်ရောက်မှုများကို တိုက်ရိုက် ကြုံတွေ့နေရသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံဒေသသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော ဥရောပနှင့် မြောက်အမေရိကသို့ မူးယစ်ဆေးဝါး တင်ပို့ရာ လမ်းကြောင်းတစ်ခု ဖြစ်သည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း မဏိပူရပြည်နယ်ရှိ ရဲတပ်ဖွဲ့နှင့်တခြားသော ဥပဒေစိုးမိုးရေး အေဂျင်စီများက ဘိန်းဖြူ ၂၃၈ ဒသမ ၇၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။
အာသံရိုင်ဖယ်တပ်က မူးယစ်ဆေးသယ်ယူသူများကို ဖမ်းဆီးရမိစဉ် (GETTY IMAGES)
ထိုငါးနှစ်အတွင်း ရဲတပ်ဖွဲ့မှ မူယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ဆက်စပ်နေသော အမှုပေါင်း ၂၂၄၃ ခုကိုလည်း မှတ်တမ်း တင်နိုင်ခဲ့သည်။ မြန်မာနှင့်နယ်စပ်ဒေသသည် ပြည်နယ်၏ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို နှိမ်နင်းရေးအတွက် အဟန့်အတား ဖြစ်နေသည်ဟု ဒွန်ဂဲလ်က ပြောသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ဘိန်းဖြူ ၂၃၈ ဒသမ ၇၂ ကီလိုဂရမ်၊ ဆေးခြောက် ၇၉၃၂ ကီလိုဂရမ်နှင့် ဘိန်း ၁၈၆၅ ဒသမ ၁၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ထို့အပြင် SP ဆေးတောင့် ၅၀၂ ဒသမ ၄၄ ကီလိုဂရမ်၊ N-10 ဆေးပြား ၇၆၀၉၂ လုံး၊ WY ဆေးပြား ၁၆၈၈ ဒသမ ၉၆ ကီလိုဂရမ်၊ ချောင်းဆိုးပျောက်ဆေး ၉၃၂၉၀ ဗူး၊ သကြားညို ၉၄၃ ဒသမ ၄၁ ကီလိုဂရမ်၊ pseudo-ephedrine ၁၈၁ ဒသမ ၄၉ ကီလိုဂရမ်နှင့် alphavin ဆေးပြား ၃၀၈၀ ပြားတို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
လွန်ခဲ့သော ငါးနှစ်အတွင်း တခြားသော မူးယစ်ဆေးဝါးများအပြင် ဘိန်းခြောက် ၃၇၅၀ ကီလိုဂရမ်နှင့် ဘိန်းစေ့ ၇ အိတ်တို့ကိုလည်း ဖမ်းမိခဲ့သည်။
ထိုသို့သော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသော အမှုပေါင်း ၂၈၁၇ ခုရှိခဲ့ပြီး အမျိုးသမီး ၅၉၅ ဦး အပါအဝင် လူပေါင်း ၂၈၁၇ ဦးကိုပါ ဖမ်းဆီးခဲ့သည်ဟု မဏိပူရရဲအရာရှိက ပြောခဲ့သည်။
Source: Northeast News
- By CNI
- Category: နိုင်ငံရေး
- Hits: 334
CNI International News
ဝယ်လ်လင်တန်၊ ဇန်နဝါရီ ၁၉
ရာထူးမှ နုတ်ထွက်တော့မည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်တာ အာဒမ်က (Jacinda Ardern) ကြာသပတေး နေ့တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းမှာ ရေးသားဖော်ပြထားသည်။
သူမသည် နိုင်ငံတွင်း အဆိုးရွားဆုံး ပစ်ခတ်မှု၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု စသည့် အခြေအနေများအပေါ် တုန့်ပြန်မှု များကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားမှု ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်တွင်း၌ မြင့်တက် လာသော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့သည် သူမ၏ ဝန်ကြီးချုပ်ဘဝ နောက်ဆုံးနေ့ ဖြစ်လိမ့်မည်ဟု အာဒမ်က သတင်းထောက် များကို ပြောခဲ့သည်။
နယူးဇီလန်၏ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပမည်ဟုလည်း ကြေညာခဲ့ကာ ထိုအချိန်အထိ ဥပဒေပြုလွှတ်တော် အမတ်တစ်ဦးအဖြစ် ဆက်ရှိနေမည်ဟုလည်း ပြောသည်။
အာဒမ်ရာထူးမှ နုတ်ထွက်မည့် သတင်းသည် ယခင်ကတည်းက ပျံ့နှံ့ခဲ့ပြီးဖြစ်သော်လည်း သူမ အမှန်တကယ် နုတ်ထွက်ခြင်းက ငါးသန်းမျှရှိသော နယူးဇီလန်ပြည်သူများကို အံ့သြစေခဲ့သည်။
နယူးဇီလန် ကိုဗစ် ထိန်းချုပ်မှုကို ဆန့်ကျင်နေကြစဉ်
ဝန်ကြီးချုပ်ရာထူးအတွက် ထပ်မံယှဉ်ပြိုင်ရန်လည်း သူမက မကြာခဏပြောဆိုခဲ့ဖူးသည်။ လက်ရှိအချိန်အထိ လစ်လပ်သွားသော ဝန်ကြီးချုပ်နေရာကို မည်သူက အစားထိုးမည်လည်း မသိရသေးဘဲ ဒုတိယဝန်ကြီးချုပ် ဂရန့်ရော်ဘတ်ဆန် ( Grant Robertson)က လေဘာပါတီခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်ခြင်း လုပ်မည် မဟုတ်ဟု ပြောခဲ့သောကြောင့် ထိုနေရာအတွက် ပြိုင်ဆိုင်မှုတစ်ခု ပေါ်ပေါက်လာခဲ့ပြီလည်း ဖြစ်သည်။
အာဒမ်သည် ဝန်ကြီးချုပ်ရာထူးကို ၂၀၁၇ ခုနှစ်၊ သူမအသက် ၃၇ နှစ်အရွယ်တွင် ရရှိခဲ့သူဖြစ်သောကြောင့် တစ်ကမ္ဘာလုံးအတွက် အားကျ အတုယူဖွယ် ကောင်းသည့် အမျိုးသမီး ဖြစ်ခဲ့သည်။
နောင်နှစ်တွင် သူမသည် ရာထူးရှိနေစဉ်အတွင်း မီးဖွားခဲ့သော ဒုတိယမြောက် အမျိုးသမီး ခေါင်းဆောင် ဖြစ်ခဲ့ လာခဲ့ကာ ၂၀၁၈ နယူးယောက်မှာ ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ မွေးကင်းစ ကလေးငယ်နှင့် အတူ တက်ရောက်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ မတ်လတွင် လူဖြူလူမျိုးကြီးဝါဒီတစ်ဦးက ခရစ္စချာ့ချ်ရှိ ဗလီနှစ်ခုကို ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၅၁ ဦး သေဆုံးခဲ့သည်။
နယူးဇီလန် ဝန်ကြီးချုပ် အာခမ်ကိုတွေ့ရစဉ်
ယင်းက နယူးဇီလန်သမိုင်း တစ်လျှောက် အမှောင်ဆုံး နေ့ရက်များမှ တစ်ခုဖြစ်ခဲ့ပြီး နယူးဇီလန် မူဆလင် အသိုင်းအဝိုင်းနှင့် သေဘေးမှ လွတ်မြောက်လာသူများအပေါ် အားပေးမြှင့်တင် မှုများကြောင့် အာဒမ်ကို အားလုံးက ဝိုင်းဝန်းချီး ကျူးခဲ့ကြသည်။
နယ်စပ်ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းအတွက် အာဒမ်၏ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ကိုင်တွယ် ဖြေရှင်းပုံသည်လည်း တစ်ကမ္ဘာလုံးက ချီးကျူးခဲ့ကြသည်။
ထို့နောက် ဗိုင်းရပ်စ် မျိုးကွဲသစ်များ ပေါ်ထွက်လာချိန်နှင့် ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာ သောအခါ zero-tolerance ဗျူဟာကို စွန့်လွှတ်ရန် ဖြစ်လာခဲ့သည်။
သို့သော် အာဒမ်သည် ပြည်တွင်းရှိ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ လုပ်ပိုင်ခွင့်၊ ဥပဒေများအပေါ် ဆန့်ကျင်သူများထံမှ အမျက်ဒေါသများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်နှစ် လွှတ်တော်နေရာအတွင်း သုံးပတ်ကြာဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတစ်ခုတွင် လူစုခွဲခံရသော ဆန္ဒပြသူများက ရဲများကို ကျောက်တုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်း၊ တဲနှင့်မွေ့ရာများကို မီးရှို့ခြင်းများဖြင့် တုန့်ပြန်ခဲ့ကြသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1234
CNI International News
အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ ၁၉
ပါကစ္စတန် အရှေ့မြောက်ပိုင်း ခါဘာ ပတ်ရှ်တွန်ခွာ (Khyber Pakhtunkhwa)ရှိ ပြည်နယ်လွှတ်တော်ကို ဝန်ကြီး ချုပ်ဟောင်း အီမရန်ခန်း ဦးဆောင်သည့် ပါတီမှ ဖျက်သိမ်းလိုက်ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကို စော၍ ကျင်းပနိုင်ရေး ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း(Imran Khan)၏ တွန်းအားပေးမှုကြောင့် သီတင်းပတ် တစ်ပတ်မပြည့်ခင် ကာလအတွင်း ဒုတိယကြိမ်မြောက် လွှတ်တော်ဖျက်သိမ်းရခြင်းလည်း ဖြစ်သည်။
လွှတ်တော်ကို ချက်ချင်းဖျက်သိမ်းသည့်စာကို ခါဘာပတ်ရှ်တွန်ခွာပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဟာဂျီဂူလမ် အလီ (Haji Ghulam Ali) က ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ထိုးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် မာမွတ်ခန်း (Mahmood Khan)၏ တောင်းဆိုမှုကြောင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ခါဘာပတ်ရှ်တွန်ခွာပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဟာဂျီဂူလမ် အလီကိုတွေ့ရစဉ် (GETTY IMAGES)
မာမွတ်ခမ်းသည် ခမ်း၏ PTI ပါတီမှ အကြီးတန်း အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ PTI ၏ ခေါင်းဆောင်ဖြစ်သူ အီမရန်ခန်း၏ အမိန့်ကြောင့် ပါကစ္စတန်နိုင်ငံ၏ လူဦးရေး အထူထပ်ဆုံးဖြစ်သော ပန်ဂျပ် (Punjab) ပြည်နယ် လွှတ်တော်ကို စနေနေ့တွင် ဖျက်သိမ်းခဲ့သည်။
ပြီးခဲ့သည့် ဧပြီလတွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသော အီမရန်ခန်းသည် ထိုအချိန်ကတည်းက လာမည့် အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ချက်ချင်း ကျင်းပရန် တောင်းဆိုခဲ့သူ ဖြစ် သည်။
ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အနေဖြင့် ကြားဖြတ်အစိုးရတစ်ရပ်ကို မခန့်အပ်နိုင်လျှင် ရွေးကောက်ပွဲသစ်ကို ပြည်နယ်လွှတ်တော်တစ်ခု ဖျက်သိမ်းပြီး ၃ လအတွင်း ကျင်းပပေးရမည်ဖြစ်သည်။
ပါကစ္စတန်တွင် ဖက်ဒရယ်နှင့် ပြည်နယ် ရွေးကောက်ပွဲများကို တစ်ချိန်တည်း ကျင်းပခဲ့ဖူးသည့် အစဉ်အလာရှိ သော်လည်း ဖွဲ့စည်းပုံအရ သီးသန့်ကျင်းပနိုင်ရန်လည်း ခွင့်ပြုပေးထားသည်။
PTI ပါတီကိုတွေ့ရစဉ် (GETTY IMAGES)
နိုင်ငံ၏ ပြည်နယ်လွှတ်တော် လေးခုမှ နှစ်ခုဖျက်သိမ်းခြင်းဖြင့် လက်ရှိဝန်ကြီးချုပ် ရှက်ဘဲ့ဇ် ရှရစ်ဖ် (Shehbaz Sharif) အစိုးရအား အထွေထွေ ရွေးကောက်ပွဲကို ချက်ချင်းကြေညာရန် တွန်းအားဖြစ်စေရေး အီမရန်ခန်း၏ PTI ပါတီက မျှော်လင့်ထားသည်။
ခါဘာပတ်ရှ်တွန်ခွာ ပြည်နယ်တွင်သာ မဟုတ်ဘဲ ပါကစ္စတန်တစ်နိုင်ငံလုံး၏ လူဦးရေ သုံးပုံနှစ်ပုံ၏ ထောက်ခံမှု ဖြင့် ပြန်လာကာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ မာမွတ်ခန်းက ပြောသည်။
အစိုးရအနေဖြင့် ၎င်းတို့အကျိုးစီးပွားထက် ရွေးကောက်ပွဲကို စောစီးစွာကျင်းပနိုင်ရေး စဉ်းစားရန် အရေးကြီးသည် ဟု PTI ခေါင်းဆောင် မူဆာရတ်ဂျမ်ရှတ် ချီမာ (Musarrat Jamshed Cheema) က အယ်ဂျာဇီးယားသို့ ပြော သည်။
ရွေးကောက်ပွဲကို ချက်ချင်းကျင်းပရန် တွန်းအားပေးနေခြင်းသည် အီမရန်ခန်း အနေဖြင့် ၎င်းအပေါ် လူထု ထောက်ခံမှု မြင့်တက်လာခြင်းကို အသုံးချရန် ကြိုးစားခြင်း ဖြစ်သည်ဟု လာဟိုး(Lahore) အခြေစိုက်နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောသည်။
လက်ရှိ အာဏာရမဟာမိတ် အစိုးရအနေဖြင့် နိုင်ငံရေးပဋိပက္ခကို ရှောင်လွဲရန် ရွေးချယ်စရာများ မရှိကြောင်းနှင့် အီမရန်ခန်း၏ စီစဉ်မှုအတိုင်း လိုက်နာရန် ဖိအားပေး ခံရနိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။
Source: အယ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1272
CNI International News
ကိယတ်ဗ်၊ဇန်နဝါရီ ၁၉
ယူကရိန်းနိုင်ငံ၏ မြို့တော်ကိယက်ဗ် အရှေ့ပိုင်းဆင်ခြေဖုံး အရပ်ရှိ ကလေးထိန်းကျောင်းအနီး ရဟတ်ယာဉ် ပျက်ကျမှုတစ်ခုတွင် ယူကရိန်းပြည်ထဲရေးဝန်ကြီး ဒန်းနစ် မိုနာစတီစကီ အပါအဝင် ယူကရိန်းပြည်ထဲရေးဌာနမှ ထင်ရှားသူ သုံးဦး သေဆုံးခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည်။
အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အသက် ၄၂ နှစ်အရွယ်ရှိ ပြည်ထဲရေးဝန်ကြီး ဒန်းနစ် မိုနာစတီစကီ (Denys Monastyrsk)၊ ဒုတိယဝန်ကြီးနှင့် အတွင်းရေးမှူးတို့ သေဆုံးခဲ့ ခြင်း ဖြစ်သည်။
ရဟတ်ယာဉ်ပျက်ကျမှုသည် ဘရိုဗာရီ (Brovary) အရပ်တွင် ဒေသစံတော်ချိန် ၈ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်ရပ်တွင် ကလေးတစ်ဦး အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
လက်ရှိ အချိန်အထိ ထိုပျက်ကျမှုသည် မတော်တဆမှုလား၊ စစ်ပွဲနှင့်သက်ဆိုင်မှု ရှိသလား မသိရသေးပေ။
ယူကရိန်းပြည်ထဲရေး၀န်ကြီးနဲ့ ဇာလန်းစကီးကိုတွေ့ရစဉ်
ပျက်မှုနှင့်ပတ်သက်သည့် ဖြစ်နိုင်ဖွယ် အကြောင်းအရာများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ယူကရိန်း အရေးပေါ်ဌာနက ကြေညာထားသည်။
ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်တွင် တမင် ပျက်ကျအောင် ပြုလုပ်ခြင်း၊ နည်းပညာချို့ယွင်းမှုနှင့် ပျံသန်းမှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတို့ ပါဝင်သည်။
အရေးပေါ်ဌာန၏ ကနဦး ထုတ်ပြန်ချက်တွင် လူ ၁၈ ဦး သေဆုံးသည်ဟု ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ အရေအတွက်ကို ၁၄ ဦးဟု ပြန်လည် ပြင်ဆင်ခဲ့သည်။
မိုနာစတီစကီသည် ယူကရိန်းသမ္မတ ဇာလန်းစကီး ကာလရှည် လက်တွဲခဲ့သော နိုင်ငံရေးအကြံပေးများမှ တစ်ဦး ဖြစ်ပြီး ၎င်းသည် ရုရှားကျူးကျော်စစ် ကာလအတွင်း သေဆုံးခဲ့သည့် ပထမဆုံးသော အထင်ကရပုဂ္ဂိုလ် တစ်ဦး လည်း ဖြစ်သည်။
ဝန်ကြီးသည် စစ်မြေပြင်သို့ သွားရာလမ်းတွင် ရဟတ်ယာဉ် ပျက်ကျမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သမ္မတရုံး တာဝန်ရှိ သူ တစ်ဦးက ပြောသည်။
ရဟတ်ယာဉ်ပျက်ကျသည့် တည်နေရာကို ပြထားစဉ် (BBC)
ပြည်ထဲရေးဝန်ကြီးနှင့်အဖွဲ့သည် ၎င်းနှင့်တွေ့ဆုံရန် လာရောက်ခြင်းဖြစ်သည်ဟု ကာကိဗ် (Kharkiv)မြို့ရှိ ရဲအရာ ရှိက ပြောသည်။
ပြည်ထဲရေးဝန်ကြီးသည် စစ်ပွဲကာလအတွင်း လုံခြုံရေးကို ထိန်းသိမ်းရန်၊ ရဲတပ်ဖွဲ့ကို ဦးဆောင်ရန် တာဝန်ယူ ထားရသူ ဖြစ်ခြင်းကြောင့် ၎င်း၏သေဆုံးမှုသည် ယူကရိန်းအစိုးရအတွက် ထိခိုက်မှုပင်ဖြစ်သည်။
မိုနာစတီစကီ သေဆုံးမှုကြောင့် ၎င်း၏နေရာတွင် ယူကရိန်းရဲချုပ်ကို ယာယီပြည်ထဲရေးဝန်ကြီး အဖြစ် အစားထိုး ခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကလေးထိန်းကျောင်း အဆောက်အဦသည် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရသည်ဟု လည်း သိရသည်။ အသက် ၄၂ နှစ်အရွယ် ပြည်ထဲရေးဝန်ကြီးသည် ဇာလန်းစကီး အစိုးရအဖွဲ့၏ ထင်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ၎င်းနှင့်တခြားသူများ သေဆုံးရမှုအတွက် ထိုဖြစ်ရပ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့သူများက ရုရှား၏ ကျူးကျော်စစ်ကို အပြစ်တင်လျက်ရှိသည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 417
CNI International News
ဘန်ဂျယ်၊ ဇန်နဝါရီ ၁၉
ဂမ်ဘီယာ ဒုသမ္မတ ဘာဒါရာအလီယူးဂျူ့ဖ် (Badara Alieu Joof) သည်အဖျားရောဂါကြောင့် အိန္ဒိယနိုင်ငံတွင် ကွယ်လွန်သွားခဲ့သည်ဟု သမ္မတ အဒမ်မာ ဘော်ရိုး (Adama Borrow) က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်ဟု Aljazeera သတင်းတွင် ဖော်ပြသည်။
အသက် ၆၅ နှစ်အရွယ် ဂျူ့ဖ်သည် ဂမ်ဘီယာ ဒုသမ္မတအဖြစ် ၂၀၂၂ ခုနှစ်တွင် ခန့်အပ်ခြင်းခံခဲ့ရသည်။ ယင်း မတိုင်ခင် ၎င်းသည် ပညာရေးဝန်ကြီးအဖြစ် ၂၀၁၇ မှ ၂၀၂၂ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ တွစ်တာတွင် ဘော်ရိုးက ဂျူ့ဖ်သည် အဖျားရောဂါကို ကာလတိုခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့သည်ဟု ရေးသားထားသော် လည်း မည်သည့်အချိန်တွင် သေဆုံးခဲ့သည်ဆိုသော အပြည့်အစုံကို ဖော်ပြထားခြင်းမရှိပေ။
ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ဂမ်ဘီယာ ဒုသမ္မတ ဘာဒါရာအလီယူးဂျူ့ဖ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ တွင် အီဂျစ်နိုင်ငံ၌ကျင်းပသည့် COP 27 ရာသီဥတုညီလာခံ၏ ခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)
ဒုသမ္မတဂျူ့ဖ်သည် ဆေးဝါးကုသရန်အတွက် လွန်ခဲ့သည့် သုံးပတ်ကတည်းက ဂမ်ဘီယာမှ ထွက်ခွာလာခဲ့သူ ဖြစ်ကာ ယင်းမတိုင်ခင် လပေါင်းများစွာကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သူဖြစ်သည်။ ဂျူ့ဖ်သည် သမ္မတ ဘော်ရိုး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအနိုင်ရရှိခဲ့ချိန်တွင် စတုထ္တမြောက် လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ရွေးကောက်ပွဲထပ်မံအနိုင်ရရှိချိန်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကွယ်လွန်ခဲ့ပြီဖြစ်သော ဒုသမ္မတသည် ဂမ်ဘီယာအရပ်ဘက်ဝန်ဆောင်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ကာ နောက်ပိုင်းတွင် အနောက်နှင့်ဗဟိုအာဖရိကဒေသတို့အတွက် ကမ္ဘာ့ဘဏ်၏ ပညာရေး စပယ်ရှယ် လစ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုရာထူး၌ ၎င်းသည် အဆင့်မြင့် ပညာရေး၊ လေ့လာရေး၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ အတွေ့အကြုံများကို ဝေမျှခဲ့သည်။
Source:Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 389
CNI International News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
လစ်ဗျားအထူးတပ်ဖွဲ့သည် မြို့တော် ထရီပိုလီရှိ ၎င်းတို့၏ ဌာနချုပ်တွင် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ရန် အတွက် တပ်ဖွဲ့ကို စစ်ဆေးနေသည်ကို တွေ့ရသည်။
အဆိုပါ လစ်ဗျားအထူးတပ်ဖွဲ့သည် Bani Walid တောင်ပိုင်းဒေသသို့ သွားရောက်၍ မစ်ရှင်တစ်ခုကို ဆောင်ရွက်မည်ဖြစ်သည်။
ထိုသို့ စစ်ဆင်ရေးအတွက် မထွက်ခွာမီ တပ်ဖွဲ့ဝင်များ၏ ဖွဲ့စည်းပုံကို စစ်ဆေးနေကြခြင်း ဖြစ်သည်။
Source: AFP