CNI International News

အင်ဖယ်လ်၊ ဇန်နဝါရီ ၂၀

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသတွင်ရှိသော မဏိပူရပြည်နယ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ ဒေသကြောင့် တိုက်ရိုက်နစ်နာသူ ဖြစ်လာပုံရကြောင်း NORTHEAST NOW သတင်းတွင် ဖော်ပြထားသည်။

မဏိပူရရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ပီဒွန်ဂဲလ် (P Doungel)က မြို့တော် အင်ဖာတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၃၉၈ ကီလိုမီတာ ထိစပ်နေပြီး ရွှေတြိဂံဒေသမှ သက်ရောက်မှုများကို တိုက်ရိုက် ကြုံတွေ့နေရသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံဒေသသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော ဥရောပနှင့် မြောက်အမေရိကသို့ မူးယစ်ဆေးဝါး တင်ပို့ရာ လမ်းကြောင်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း မဏိပူရပြည်နယ်ရှိ ရဲတပ်ဖွဲ့နှင့်တခြားသော ဥပဒေစိုးမိုးရေး အေဂျင်စီများက ဘိန်းဖြူ ၂၃၈ ဒသမ ၇၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။

အာသံရိုင်ဖယ်တပ်က မူးယစ်ဆေးသယ်ယူသူများကို ဖမ်းဆီးရမိစဉ် (GETTY IMAGES)

ထိုငါးနှစ်အတွင်း ရဲတပ်ဖွဲ့မှ မူယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ဆက်စပ်နေသော အမှုပေါင်း ၂၂၄၃ ခုကိုလည်း မှတ်တမ်း တင်နိုင်ခဲ့သည်။ မြန်မာနှင့်နယ်စပ်ဒေသသည် ပြည်နယ်၏ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို နှိမ်နင်းရေးအတွက် အဟန့်အတား ဖြစ်နေသည်ဟု ဒွန်ဂဲလ်က ပြောသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ဘိန်းဖြူ ၂၃၈ ဒသမ ၇၂ ကီလိုဂရမ်၊ ဆေးခြောက် ၇၉၃၂ ကီလိုဂရမ်နှင့် ဘိန်း ၁၈၆၅ ဒသမ ၁၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် SP ဆေးတောင့် ၅၀၂ ဒသမ ၄၄ ကီလိုဂရမ်၊ N-10 ဆေးပြား ၇၆၀၉၂ လုံး၊ WY ဆေးပြား ၁၆၈၈ ဒသမ ၉၆ ကီလိုဂရမ်၊ ချောင်းဆိုးပျောက်ဆေး ၉၃၂၉၀ ဗူး၊ သကြားညို ၉၄၃ ဒသမ ၄၁ ကီလိုဂရမ်၊ pseudo-ephedrine ၁၈၁ ဒသမ ၄၉ ကီလိုဂရမ်နှင့် alphavin ဆေးပြား ၃၀၈၀ ပြားတို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

လွန်ခဲ့သော ငါးနှစ်အတွင်း တခြားသော မူးယစ်ဆေးဝါးများအပြင် ဘိန်းခြောက် ၃၇၅၀ ကီလိုဂရမ်နှင့် ဘိန်းစေ့ ၇ အိတ်တို့ကိုလည်း ဖမ်းမိခဲ့သည်။

ထိုသို့သော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသော အမှုပေါင်း ၂၈၁၇ ခုရှိခဲ့ပြီး အမျိုးသမီး ၅၉၅ ဦး အပါအဝင် လူပေါင်း ၂၈၁၇ ဦးကိုပါ ဖမ်းဆီးခဲ့သည်ဟု မဏိပူရရဲအရာရှိက ပြောခဲ့သည်။

Source: Northeast News