CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

အူဘာမီယန်းက ပရီးမီးယားလိဂ်နဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေရှိတယ်လို့ ချယ်လ်ဆီးအသင်းနဲ့ စာချုပ် ချုပ်အပြီးမှာ ပြောလိုက်ပါတယ်။

အူဘာမီယန်းက “ ကျနော်တကယ်ကို ပျော်ရွှင်မိပါတယ်။ဒီအသင်းမှာ ပါဝင်ခွင့်ရတာ ဂုဏ်ယူဖို့ကောင်းပြီး ပွဲကစားခွင့်ရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ကျနော်ဟာ ပရီးမီးယားလိဂ်နဲ့ မပြီးပြတ်သေးတဲ့လုပ်ငန်းတွေရှိတာ ကြောင့် ဒီကိုပြန်လာရတာကောင်းပြီး တကယ်ကို စိတ်လှုပ်ရှားမိပါတယ်”လို့ ချယ်လ်ဆီးအသင်းဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အူဘာမီယန်းအတွက် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းအပြင် နောက်ခံလူ အလွန်ဆိုကိုပါ ပေးခဲ့ရတာဖြစ်ပါတယ်။အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ အာဆင်နယ် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူခဲ့တာကြောင့် အူဘာမီယန်းဟာ ပွဲကစားခွင့်ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

 အဲဒါကြောင့်လည်း သူ့ကို ခေါ်ယူဖို့ တောက်လျှောက်ကြိုးစားနေတဲ့ ချယ်လ်ဆီးအသင်းထံ အပြောင်းအရွှေ့ နောက်ဆုံးရက်မှ ရောက်ရှိလာခဲ့တာပါ။အူဘာမီယန်းဟာ ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြတူချယ်လ်နဲ့ ချယ်လ်ဆီးအသင်းမှာ ထပ်မံလက်တွဲအလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ အခုအပြောင်း အရွှေ့မှာ အူဘာမီယန်းအပြင် စတာလင်၊ ကူကူရယ်လ်လာ၊ ကူလီဘာလီ၊ ဖိုဖာနာ၊ ချူကွီမီကာတို့ကိုလည်း ခေါ်ယူခဲ့တာပါ။

ဒါအပြင် အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျူဗင်တပ်စ်ကွင်းလယ်လူ ဇာခါရီရာကိုလည်း ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါသေးတယ်။ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တောဒ့်ဘိုလီလက်ထက်မှာ နွေရာသီ အပြောင်းအရွှေ့အတွက် အသုံးစရိတ် ပေါင်သန်း ၂၈၀ အသုံးပြုခဲ့တာပါ။လန်ဒန်ကလပ်ဟာ ဒီရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲ ၅ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail