CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၃

ဆွန်ဟောင်မင်ဟာ စပါးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ လူစားလဲ ခံရလို့ စိတ်ပျက်မိကြောင်း ပြောလာခဲ့ပါတယ်။

စပါးအသင်းဟာ ဒီပွဲမှာ အာဆင်နယ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ဟာရီကိန်းက ၂ ဂိုး၊ ဆွန်ဟောင်မင် က ၁ ဂိုးသွင်းယူခဲ့တာပါ။ဆွန်ဟောင်မင်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယား ကစားသမားဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဆာလတ်နဲ့ ၁ ဂိုးသာ ကွာဟပါတော့တယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၇၂ မိနစ်အရောက်မှာတော့ စပါးနည်းပြ ကွန်တီက ဆွန်ဟောင်မင်ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ဆွန်ဟောင်မင်ဟာ ဒီအချိန်မှာ စိတ်ပျက်နေတဲ့ပုံနဲ့ ကွင်းထဲကနေ လမ်းလျှောက်ပြီး ထွက်လာခဲ့တာပါ။ ကွန်တီကတော့ စိတ်ပျက်နေတဲ့ ဆွန်ဟောင်မင်ကို လူစားလဲရတဲ့အကြောင်း ရှင်းပြပြီး နှစ်သိမ့်ပေးနေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။စပါးအသင်းဟာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်လာပြီး ရမှတ်(၁)မှတ်သာ ကွာဟတော့တာပါ။

ဆွန်ဟောင်မင်က “ ကျနော်ဟာ အမြဲတမ်းကစားချင်နေပေမယ့် ဒါဟာ မန်နေဂျာရဲ့ဆုံးဖြတ်ချက်ပါ။ဒါကို လက်ခံဖို့ လိုအပ်ပါတယ်။သူက ကျနော်တို့ တနင်္ဂနွေနေ့မှာ ကစားရမယ့် အရေးကြီးတဲ့ ပွဲရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ကျနော် လူစားလဲခံရလို့ ဒေါသမထွက်ပါဘူး စိတ်ပဲပျက်သွားခဲ့တာပါ။ ကျနော် ဆက်သွားရဦးမှာပါ။ တနင်္ဂနွေနေ့ပွဲမှာအသင်းကို ကူညီနိုင်ဖို့အတွက် လန်းဆန်းဖို့ လိုပါတယ်” လို့ Sky Sports ကို ပြောခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ် နောက်ခံလူ ဟိုးလ်ဒင်းဟာ ဆွန်ဟောင်မင်ကို တံတောင်နဲ့ တွတ်ခဲ့လို့ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။အဲဒါကြောင့် အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပြီး ဒါဘီပွဲစဉ်မှာ ဂိုးပြတ် အရေးနိမ့် သွားခဲ့တာပါ။စပါးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေ၊ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:The Sun