CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သားဖြစ်သူသေဆုံးပြီး ကြေကွဲဖွယ်ရာ အဖြစ်အပျက် ဖြစ်ခဲ့ပြီးနောက် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ပြန်လည် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုရဲ့ အမြွှာကလေး(၂)ဦးအနက် မွေးကင်းစ သားဖြစ်သူဟာ မွေးဖွားချိန်မှာ သေဆုံးခဲ့တာဖြစ်ပြီး သမီးလေး ကတော့ အသက်ရှင် ကျန်ရစ်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီအဖြစ်အပျက်ကြောင့် မန်ချက်စတာယူနိုက်တက် အသင်းက လီဗာပူးလ် အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အရေး နိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ စနေနေ့မှာ ကစားမယ့် အာဆင်နယ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် လေ့ကျင့် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် အရေးကြီးတဲ့ ဒီပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းက လီဗာပူးလ် အသင်းကို အရေးနိမ့်တဲ့ ပွဲစဉ်ရဲ့ ပွဲချိန်(၇)မိနစ်မှာ နှစ်ဖက်အသင်း ပရိသတ် တွေဟာ ရော်နယ်ဒိုနဲ့ သူ့ရဲ့ လက်တွဲဖော် ဂျော်ဂျီနာကို အားပေးတဲ့အနေနဲ့ တစ်မိနစ်ကြာ လက်ခုပ်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ရော်နယ်ဒို၏ မိသားစုကိုတွေ့ရစဉ်(Techno Trenz)

နှစ်သင်းလုံးရဲ့ ကစားသမားတွေကလည်း ပွဲချိန်အတွင်းမှာ လက်ပတ် အနက်ရောင်တွေကို ဝတ်ဆင်ခဲ့ကြတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပြိုင်ဘက် ဖြစ်ပေမယ့် လီဗာပူးလ် အသင်းရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူ အယ်လ်မာက “ဒီလို လုပ်ခဲ့တဲ့ လီဗာပူးလ်ကို အလွန်ကျေးဇူးတင်ပါတယ်။ ဒီနေ့ခင်ဗျားတို့ လုပ်ခဲ့တဲ့ အရာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

လီဗာပူးလ်နည်းပြ ကလော့ပ်က “ဘောလုံးထက် ဘဝက အများကြီး ပိုပြီးအရေးကြီးပါတယ်။ ခရစ္စတီယာနိုနဲ့ သူ့ရဲ့ မိသားစု အတွက် ကျနော်တို့ ခံစားရပါတယ်။ ဒါက ကစားပွဲထဲက ကျနော့်ရဲ့ အခိုက်အတန့်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၅ ဂိုး သွင်းယူထားတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး အာဆင်နယ် အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ အရေးနိမ့်ခဲ့ရင် သူတို့ရဲ့ မျှော်လင့်ချက်တွေ အဆုံးသတ် သွားနိုင်တာ ဖြစ်ပါတယ်။

Source: Metro