CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

လမ်ပန်ဝါရီယာ အသင်းက အူဒုံဌာနီ အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ထိုင်းလိဂ်(၂) အဝေးကွင်းပွဲစဉ်မှာ မောင်မောင်လွင် ဟာ (၁)ဂိုးသွင်း၊ (၁)ဂိုးဖန်တီးသွားခဲ့ပါတယ်။

လမ်ပန်ဝါရီယာ အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိုင်းလိဂ်(၁)ပြိုင်ပွဲကို တိုက်ရိုက်တန်းတက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့တာပါ။ မောင်မောင်လွင် ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်(၃)မိနစ်မှာပဲ အသင်းဖော် တိုက်စစ်မှူး ဂိုးသွင်း နိုင်အောင် အလွန်ကောင်းမွန်တဲ့ ဂိုးဖန်တီးမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ မောင်မောင်လွင် ဟာ လမ်ပန်ဝါရီယာ အသင်း အနိုင်သေချာစေမယ့် အဆုံးသတ်ဂိုးကို ပွဲချိန်မိနစ်(၉၀)ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဂိုးသမားနဲ့ နောက်ခံ လူတွေကို လိမ်ခေါက်ပြီး သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ မောင်မောင်လွင်အတွက် ထိုင်းလိဂ်(၂)ပြိုင်ပွဲမှာ သွင်းတဲ့ တတိယမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ဒီရာသီ ထိုင်းလိဂ်(၂)ပြိုင်ပွဲမှာ လမ်ပန်ဝါရီယာ အသင်းအတွက် (၃)ဂိုးသွင်းပြီး (၇)ဂိုးဖန်တီးထားနိုင်ခဲ့တာပါ။ မောင်မောင်လွင် က ပွဲအပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ “ကျနော်တို့လုပ်နိုင်ပါတယ်”ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

မောင်မောင်လွင် ဟာ ထိုင်းလိဂ်(၂)ကို ရောက်ရှိလာကတည်းက ခြေစွမ်းပြနေခဲ့တဲ့အတွက် လမ်ပန်ဝါရီယာ အသင်းရဲ့ ပွဲထွက်ခွင့်တစ်နေရာကို အခိုင်အမာရယူထားတာပါ။ မောင်မောင်လွင် ဟာ ထိုင်းလိဂ်(၂)က ပေးတဲ့ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူထားတာဖြစ်ပါတယ်။ လမ်ပန်ဝါရီယာ အသင်းဟာ ထိုင်းလိဂ်(၂)ပြိုင်ပွဲပြီးဆုံးဖို့ (၂)ပွဲပဲလိုတော့တဲ့အချိန်မှာ ဒုတိယနေရာက ဆူခိုထိုင်း အသင်းကို (၁)မှတ်၊ တတိယနေရာက ထရက် အသင်းကို (၄)မှတ်ဖြတ်ထားတာပါ။

အဲဒါကြောင့် လမ်ပန်ဝါရီယာ အသင်းဟာ လက်ကျန်(၂)ပွဲမှာ (၁)ပွဲအနိုင်ရရှိတာနဲ့ ထိုင်းလိဂ်(၁)ပြိုင်ပွဲကို တိုက်ရိုက် တန်းတက်နိုင်တော့မှာဖြစ်ပါတယ်။လမ်ပန်ဝါရီယာ အသင်းဟာ အခုလ(၂၄)ရက်မှာ ထိုင်းလိဂ်(၂) ပွဲစဉ်အဖြစ် ပရာချာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။