၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားအသင်း တိုက်စစ်ကစားသမား မက်ဆီကတော့ ၂၀၂၁ ခုနှစ်အတွက် ဘောလွန်း ဒီအောဆုကို စံချိန်တင် ၇ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ်ရှိ မက်ဆီဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဆုဖလားအဖြစ် အာဂျင် တီးနားအသင်းကို ကိုပါအမေရိကဆုဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အခုနှစ် အတွင်းမှာ ဘာစီလိုနာအတွက် ၂၈ ဂိုး၊ ပီအက်စ်ဂျီအတွက် ၄ ဂိုးနဲ့ အာဂျင်တီးနားအတွက် ၈ ဂိုးသွင်းယူပေးနိုင်ခဲ့ တာပါ။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဒုတိယ၊ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက တတိယနဲ့ ရီးရယ်လ် တိုက်စစ်မှူး ဘန်ဇီမာက စတုတ္တနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလွန်းဒီအောဆုကို ၂၀၁၈ က မိုဒရစ် ရရှိခဲ့တဲ့ တစ်ကြိမ်ကလွဲပြီး  ၂၀၀၈ ကနေ ၂၀၁၉ အထိ ရော်နယ်ဒိုနဲ့ မက်ဆီတို့ကသာ တလှည့်စီ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။

မက်ဆီက “ဒီစင်မြင့်ပေါ်ကို ထပ်ရောက်နိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။လွန်ခဲ့တဲ့ ၂ နှစ် က နောက်ဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တယ်လို့ ထင်ခဲ့တာပါ။ ကျနော် အနားယူမယ့်အချိန်ကို လူတွေကစပြီး မေးနေကြပေမယ့် အခု ပဲရစ်မှာ ရောက်နေတာကို အလွန်ပျော်ရွှင်ပါတယ်။ ကိုပါအမေရိကဖလားနဲ့အတူ ဒီနှစ်က ကျနော့်အတွက် အလွန်ကောင်းမွန်တဲ့နှစ်ပါပဲ”လို့ ပြောပါတယ်။

ဒါ့အပြင် မက်ဆီ က “မာရာကာနာကွင်းမှာ ဘရာဇီးလ်ကို အနိုင်ရပြီးဆုဖလားရခဲ့တာက ကျနော့်ကို အဓိပ္ပါယ် အများကြီးရှိစေခဲ့ပြီး အာဂျင်တီးနားကလူတွေနဲ့ အောင်ပွဲခံခဲ့ရတာက အလွန်ပျော်ဖို့ကောင်းပါတယ်။ ဒီနှစ်က ကျနော့်အတွက် အကောင်းဆုံးနှစ်ဟုတ်လားဆိုတာတော့ မသိပေမယ့် အခက်ခဲတွေနဲ့ ဝေဖန်မှုတွေကြားကနေ အာဂျင်တီးနားနဲ့အတူ ချန်ပီယံဆုဖလားကို ရရှိခဲ့တာတော့ အလွန်ကောင်းပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ မက်ဆီရဲ့နောက် ဒုတိယနေရာမှာသာ ရရှိခဲ့တဲ့ လီဝန်ဒေါစကီး ဟာ အခုနှစ်အတွက် အကောင်းဆုံး တိုက်စစ်မှူးကို ရရှိခဲ့တာပါ။

ပီအက်စ်ဂျီနဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာကတော့ အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ယာရှင်ဆုကို ရယူနိုင်ခဲ့ ပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကတော့ တစ်နှစ်တာအကောင်းဆုံး အသင်းဆုကို ရရှိသွားခဲ့ တာပါ။ ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ပီဒရီကတော့ အသက်၂၁ နှစ်အောက် အကောင်းဆုံး ကစား သမားဆုဖြစ်တဲ့ ကိုပါဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုကတော့ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအောထိပ်ဆုံး ၅ ဦးရဲ့ပြင်ပဖြစ်တဲ့ နံပတ် ၆ နေရာမှာ ရပ်တည် နေခဲ့ တာပါ။

အမျိုးသမီးဘောလွန်းဒီအောဆုကိုတော့ ဘာစီလိုနာအသင်းခေါင်းဆောင် ပူတယ်လ်လတ်စ် က ရရှိခဲ့တယ်လို့ ဘီဘီစီ က ဖော်ပြခဲ့ပါတယ်။

Source: BBC