CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ပါဝင်နေ သေးတယ်လို့ ဘရိုက်တန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဆုဖလားအတွက် ကျနော်တို့နဲ့ အာဆင်နယ် ၂ သင်းထဲ ယှဉ်ပြိုင်ရမှာ မဟုတ်ပါဘူး။ လီဗာပူးလ် အသင်း ၂ ပွဲဆက် ရှုံးခဲ့သလိုမျိုး အာဆင်နယ်အသင်းလည်း ဖြစ်သွားနိုင်သလို ကျနော်တို့လည်း ဖြစ်သွားနိုင် ပါတယ်။ အရေးကြီးတာက ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ ရှိနေဖို့ပါ။ ကစားဖို့ပွဲတွေ အများကြီး ရှိသေးတဲ့အတွက် အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ အခုအနားယူပြီး လာမယ့်ပွဲကို ပြင်ဆင်ရမယ်”လို့ BBC Sport ကို ပြောပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဖိုဒန်က ၂ ဂိုး၊ ဒီဘရိုင်းနဲ့ အယ်လ်ဗားရက်ဇ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာကို တက်နိုင်ခဲ့ပြီး ပွဲကျန် ၁ ပွဲကစားဖို့လည်း ကျန်ရှိနေသေးတာပါ။ 

အဲဒါကြောင့် မန်စီးတီးအသင်းဟာ အဆင့် ၁ နေရာကို တက်နိုင်မယ့် အခွင့်အရေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းကို တွေ့ရစဉ်

နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ 

အဲဒါကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားကို အာဆင်နယ်အသင်းနဲ့ မန်စီးတီး ၂ သင်းတည်းသာ ယှဉ်ပြိုင် ရတော့မယ်လို့ ပြောဆိုမှုတွေကို နည်းပြ ဂွာဒီယိုလာက ပယ်ချခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ဂိုးကွာခြားမှုကိုလည်း လျော့ချနိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဂိုးကွာခြားချက် +၅၆ ရှိနေပြီး မန်စီးတီးအသင်းက +၄၈ ရှိနေတာ ဖြစ်ပါတယ်။

ဂိုးကွာခြားချက်က ပရီးမီးယားလိဂ် ဆုဖလားကို အဆုံးအဖြတ် ပေးနိုင်ပေမယ့် ပွဲအနိုင်ရဖို့က အဓိကကျတယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်း၊ အာဆင်နယ် အသင်းက စပါးအသင်း၊ လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Metro