CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅

အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်အပြီးမှာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလား မျှော်လင့်ချက် ထိုးနှက်ခံရပြီးနောက် နည်းပြ ကလော့ပ်က အသင်းပရိသတ်တွေကို တောင်းပန် ခဲ့ပါတယ်။

ကလော့ပ်က “ဆုဖလားရမယ့် အခွင့်အရေးနဲ့ ပတ်သက်ရင် အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ အလွန်ဆိုးရွားတဲ့ အခိုက်အတန့်တွေရှိမှ ဖြစ်မှာပါ။ ဒီလို ဖြစ်လာမလားဆိုတာ ကျနော်မသိပါဘူး။ အဲဒါကြောင့် လီဗာပူးလ် ပရိသတ် တွေကို ကျနော်တောင်းပန်ဖို့ပဲ ရှိပါတယ်။ ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်သင့်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က လုံလောက်မှု မရှိတာကြောင့် အလွန်စိတ်ပျက်မိပါတယ်။ ကျနော်တို့ ရမှတ်တွေ ရယူနိုင်ဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ မာဆေးဆိုဒ်ဒါဘီ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်မှာ အဲဗာတန်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုတွေမှာလည်း အသာရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းတာတွေကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ ရှုံးပွဲကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဗန်ဒိုက်က “အလွန်စိတ်ပျက်မိပါတယ်။ ဒီပွဲလိုသာကစားရင် ပရီးမီးယားလိဂ် ဆုဖလားအတွက် ကျနော်တို့ကို ထည့်သွင်းစဉ်းစားဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ကစားသမားတွေအနေနဲ့ အမှန်တကယ် လိဂ်ဖလားကို ရယူချင်ရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ အသင်းနဲ့ ကစားချိန်မှာ ပိုပြီးကောင်းအောင်လုပ်ဖို့ လိုအပ်တယ် “လို့ ပြောပါတယ်။

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ရမှတ်လျှော့ခံထားရတဲ့ အဲဗာတန်အသင်းဟာ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန်အထက်က လူတန်အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: CNA