CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂ 

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို အရေးနိမ့် ခဲ့ပေမယ့် ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အရေး တစ်ဝက်ရှိသေးတယ်လို့ နည်းပြ ဒေးဗစ်မိုယက်စ်က ပြောခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်က “လေဗာကူဆင်ဟာ နောက်ကျ သွင်းဂိုးတွေအတွက် စံချိန်မှတ်တမ်းကောင်းရှိပါတယ်။ ကျနော် တို့ဟာ ဒီပွဲမှာ ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်အသင်းနဲ့ ကစားခဲ့ရတာပါ။ ကျနော်တို့ဟာ ဒီအဆင့်ကို မရောက်ရှိသေးပေမယ့် နောက်တစ်ပွဲကစားဖို့ ကျန်ရှိနေသေးတဲ့အတွက် ဒုတိယအကျော့မှာ အခွင့်အရေး တစ်ဝက်ရှိပါတယ်။ ကျနော်တို့လိုချင်တဲ့ ရလဒ်ကို ရယူနိုင်ဖို့အတွက် ထူးခြားကောင်းမွန်စွာ လုပ်ဆောင်ရပါလိမ့် မယ် “လို့ TNT Sports ကို ပြောပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ ဒီပွဲစဉ်မှာ ဟော့ဖ်မန်း၊ ဘိုနီဖေ့စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် လေဗာကူဆင်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ လေဗာကူဆင်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၃ ကြိမ်အထိ ရှိခဲ့တာပါ။

ဒေးဗစ်မိုယက်စ်ကို တွေ့ရစဉ်

ဝက်စ်ဟမ်းအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။

ဒီရာသီ နည်းပြ ဇာဘီအလွန်ဆို လက်ထက်မှာ အကောင်းဆုံး ပုံစံရရှိနေတဲ့ လေဗာကူဆင်အသင်းဟာ အခုဆိုရင် ပြိုင်ပွဲစုံ ရှုံးပွဲမရှိတာ ၄၂ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

လေဗာကူဆင်အသင်းဟာ ဒီရာသီ ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပြီး ကွင်းလယ် လူ ရှာကာကတော့ အသင်းဟာ မိနစ်တိုင်း ဂိုးသွင်းနိုင်တဲ့ အရည်အသွေး ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ လာမယ့် ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ အနိုင်ရခဲ့ရင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဂျာမန်အမှတ်ပေးဖလားကို ရရှိတော့မှာပါ။ 

ဝက်စ်ဟမ်းအသင်းကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: beinsports