CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာကြောင့် ၄ လကျော်ကြာ အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ပါတေးဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်မယ်လို့ အတည်ပြု ခဲ့ပါတယ်။

အာတီတာက “ပါတေးဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ရှက်ဖီးယူနိုက်တက် အသင်းနဲ့ပွဲ အတွက် အသင်းလူစာရင်းမှာ သူပါဝင်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။

ပါတေးဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အောက်တိုဘာလကတည်းက အာဆင်နယ်အသင်းအတွက် ပါဝင် ကစားနိုင်ခြင်းမရှိသလို ဂါနာအသင်းနဲ့လည်း အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့ ပါတေးပြန်လာမှာက အသင်းရဲ့ လူစာရင်းအင်အားကို ပိုပြီးအားကောင်းသွားမှာ ဖြစ်ပါတယ်။

အာတီတာကို တွေ့ရစဉ်

ဒါအပြင် ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ ဇင်ချန်ကိုနဲ့ တိုမီယာဆုတို့လည်း အသင်းအတွက် ပြန်ပါဝင် နိုင်ဖို့ နီးစပ်နေပြီလို့ နည်းပြ အာတီတာက ပြောခဲ့တာပါ။

ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ အရန်လူစာရင်းမှာ ပြန်ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်အနေနဲ့ ပွဲချိန်ပြည့်ကစားနိုင်ဖို့အတွက် အချိန်လိုအပ်သေးတယ်လို့ စပိန် လူမျိုးနည်းပြက ပြောခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ဒီပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် ခက်ခဲနိုင်တယ်လို့ အာတီတာ က ပြောထားတာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲ ကစားအပြီးမှာ ၅၈ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်ကွာဟနေတာဖြစ်ပါတယ်။ 

Source: CNA