CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

အာဆင်နယ်အသင်းနည်းပြ အာတီတာက နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ နောက်ခံလူ နှစ်ဦးဖြစ်တဲ့ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ အငြင်းအခုံဖြစ်တာကို သူနှစ်သက်တယ်လို့ ပြောလိုက် ပါတယ်။

အာတီတာက “ဒီလိုတွေဖြစ်တာကို ကျနော်ကတော့ နှစ်သက်ပါတယ်။ သူတို့တွေဟာ တစ်ဦးနဲ့တစ်ဦး ပိုပြီး တောင်းဆိုနေကြသလို ဂိုးပေးလိုက်ရတဲ့အတွက် စိတ်ပျက်နေပြီး ဒါကိုဖြေရှင်းဖို့ ကြိုးစားခဲ့ကြတာပါ။ အနည်း ငယ်တော့ ဒေါသ ပါသွားကြပါတယ်။ ဒါပေမယ့် ဒီအရာတွေက လုံလောက်သွားပါပြီ။ ကစားပုံလည်း ပိုမိုကောင်း မွန်ရမှာ ဖြစ်သလို ပေးဂိုးလည်း မပေးရအောင် စွမ်းဆောင်ရမှာပါ။ ကျနော်ကတော့ ကစားသမား အချင်းချင်း တွန်းအားပေးပြီး တောင်းဆိုတဲ့ အရာတွေကို နှစ်သက်တယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။ 

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ်နဲ့ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၉ မိနစ်မှာ အေဝိုနီယီက နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။

အာတီတာနဲ့ ဇင်ချန်ကိုကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၂ နေရာကို တက်နိုင်ခဲ့ပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြပြီး ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒူးဒဏ်ရာ ကို ခံစားနေရပေမယ့် ပါဝင်ပြီး ကစားခဲ့တယ်လို့ အာတီတာက ပြောခဲ့ပါတယ်။

အာတီတာက “ဂျီးဆပ်စ်ဟာ ဒူးမှာ ပြဿနာရှိနေခဲ့ပေမယ့် ပွဲကို ပါဝင်ကစားပြီး အသင်းကို အနိုင်ရအောင် ကူညီ ပေးချင်နေပါတယ်။ ဒီလိုမျိုး စိတ်ဓါတ်ရှိတာကြောင့်လည်း ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ်။ ကျနော် သူ့ကို အလွန်ကျေနပ်မိပါတယ်။ သူဟာ ဒဏ်ရာရှိနေပေမယ့် ခံစားချက် ကောင်းမွန်နေပြီး လေ့ကျင့်ရေးကွင်းမှာ လည်း အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကစားသွားတဲ့ သူ့ရဲ့ကစားပုံနဲ့ ပတ်သက်ပြီး ကျနော့်အတွက် အံ့အားသင့်စရာမရှိဘူး”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN