CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

လီဗာပူးလ်အသင်းဟာ အဓိက ကစားသမား အများအပြား ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပေမယ့် နည်းပြကလောပ့် ကတော့ ကစားသမား ၁၁ ဦးရှိရင် ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲယှဉ်ပြိုင်လို့ရတယ်လို့ ပြောခဲ့ပါတယ်။

ကလောပ့်က “ဗိုလ်လုပွဲအတွက် ဘယ်ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝမလဲဆိုတာ ကြည့်ရမှာပါ။ ဒါပေမယ့် လူတန်အသင်းနဲ့ပွဲမတိုင်ခင် ကျနော်ပြောခဲ့သလိုပါပဲ၊ ကစားသမား ၁၁ ဦးရှိရင် ဗိုလ်လုပွဲကို ကျနော်တို့သွားမှာပါ။ ကျနော်တို့ဟာ ဗိုလ်လုပွဲမှာ ရေပန်းစားသလားဆိုရင်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ချယ်လ်ဆီးအသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ အချိန်ပြီးကတည်းက သူတို့ဟာ အများကြီး တိုးတက်လာခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လူတန်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိက ကစားသမား ၉ ဦးအထိ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

ဒီကစားသမားတွေကတော့ အလီဆန်၊ အာနိုးလ်၊ ဂျိုတာ၊ ဆာလက်၊ သီယာဂို၊ ဆိုဘော့ဇ်လိုင်း၊ မာတစ်၊ ကာတစ်ဂျုံးစ်နဲ့ ဒါဝင်နူးနက်ဇ်တို့ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ အဓိက ကစားသမား အများအပြား ဒဏ်ရာရရှိနေတာကြောင့် စိုးရိမ်မှုတွေရှိနေပါတယ်။

လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်ကို တွေ့ရစဉ်

ဒါပေမယ့် နည်းပြကလော့ပ်ကတော့ သူတို့ဟာ ပွဲကစားလို့ရမယ့် ကစားသမား ၁၁ ဦးရှိရင်တောင် ဗိုလ်လုပွဲကို ယှဉ်ပြိုင် သွားမယ်လို့ ပြောပါတယ်။ 

လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ပွဲစဉ်မှာ ပျှမ်းမျှ ၂၅ နှစ်နဲ့ ၆၈ ရက်သာရှိတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ တာဖြစ်ပြီး ဒါဟာ အသင်းအတွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း ဖြစ်ခဲ့တာပါ။ 

ဒါ့အပြင် လီဗာပူးလ်အသင်းဟာ အရန်လူစာရင်းမှာ အသက် ၁၉ နှစ်နဲ့အောက် ကစားသမား ၅ ဦးအထိ ထည့်သွင်း လာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ပွဲမှာ ပွဲချိန် ၁၂ မိနစ်ကတည်းက လူတန်အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဗန်ဒိုက်၊ ဂတ်ပို၊ ဒီယက်ဇ်နဲ့ အီးလီးယော့တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာပါ။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၄ မှတ် အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။

Source: BBC