CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

တောင်ကိုရီးယားအသင်းဟာ အာရှဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဆော်ဒီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၄၆ မိနစ်မှာ ရာဒစ်ဖ်က ဆော်ဒီအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၉၉ မိနစ်မှာ ချိုဂဲလ်ဆောင်က တောင်ကိုရီးယားအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။

အဲဒါကြောင့် ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။ 

ပင်နယ်တီ အဆုံးအဖြတ်မှာ တောင်ကိုရီးယားအသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

တောင်ကိုရီးယားအသင်းနည်းပြ ကလင်းစမန်းက ဆော်ဒီကို အနိုင်ရခဲ့တဲ့အတွက် ပျော်ရွှင်ပြီး ဒီနိုင်ပွဲက အသင်း အတွက် ကြီးမားတဲ့စွမ်းအင်ကို ပေးတယ်လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ဆော်ဒီ ယှဉ်ပြိုင်နေစဉ်

ကလင်းစမန်းက “ဒီနိုင်ပွဲကြောင့် အသင်းဟာပိုပြီး စိတ်ဓါတ်ခွန်အားတွေ ရရှိလာပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် မတိုင်ခင်မှာကတည်းက ကျနော်တို့ပွဲကို အနိုင်ရယူချင်တာပါ။ ပင်နယ်တီ အဆုံးအဖြတ်မှာက ဘာမဆို ဖြစ်သွားနိုင်ပေမယ့် အနိုင်ရယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ပင်နယ်တီအတွက် ပြင်ဆင်ခဲ့ပြီး ဂိုးသမားက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ၂ ကြိမ် ပြုလုပ်သွားခဲ့ပါတယ်။ လာမယ့် ကွာတားဖိုင်နယ်အတွက်ကိုလည်း အကောင်းဆုံး လုပ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆော်ဒီနည်းပြ မန်ချီနီကတော့ ဒီရှုံးပွဲအတွက် အလွန်စိတ်ပျက်နေပြီး တောင်ကိုရီးယားအသင်းရဲ့ ပင်နယ်တီ အနိုင်ဂိုး မကန်သွင်းခင် ဥမင်ထဲဝင်သွားခဲ့တဲ့အတွက် ပွဲအပြီးမှာ တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။ 

ဒါပေမယ့် သူဟာ ဆော်ဒီနည်းပြ ရာထူးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆော်ဒီအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် မန်ချီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

တောင်ကိုရီးယားအသင်းဟာ အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: AFC