CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃

တောင်ကိုရီးယားအသင်းဟာ အာရှဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ သြစတြေးလျအသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုး နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ သြစတြေးလျအသင်းဟာ ပွဲချိန် ၄၂ မိနစ်မှာ ဂွတ်ဝင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့် အပြီး နာကျင်အချိန်ပို ၆ မိနစ်မှာ ဟွမ်ဟီချန်းက တောင်ကိုရီးယားအသင်းအတွက် ပင်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့တာကြောင့် ၁ ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။ 

အဲဒါကြောင့် အချိန်ပိုမိနစ် ၃၀ ထပ်မံ ယှဉ်ပြိုင်ကစားခဲ့တာမှာ တောင်ကိုရီးယားအသင်းက အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီဂိုးကို အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပွဲချိန် ၁၀၄ မိနစ်မှာ ပြစ်ဒဏ်ဘော ကန်ချက်ကနေ သွင်းယူခဲ့တာပါ။

တောင်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့ ၁၆ သင်းအဆင့် ဆော်ဒီအသင်းနဲ့ ပွဲစဉ်တုန်းကလည်း မိနစ် ၉၀ အထိ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပို ၉ မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် အချိန်ပို၊ ပင်နယ်တီအထိ ကစားခဲ့ရပြီး နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တောင်ကိုရီးယားအသင်းနည်းပြ ကလင်းစမန်းက ကစားသမားတွေမှာရှိနေတဲ့ တိုက်ပွဲစိတ်ဓါတ်ကို အလွန်ဂုဏ်ယူ တယ်လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ကလင်းစမန်းက “နောက်ထပ် ဒရာမာတစ်ခုပါပဲ။ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တဲ့အတွက် ကျနော်တို့ အလွန် ပျော်ရွှင်ပါတယ်။ ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျနော်တို့ မျှော်လင့်ထားပြီးသားပါ။ အသင်းသားတွေမှာရှိနေတဲ့ တိုက်ပွဲဝင် စိတ်ဓါတ်ကို ကျနော်အလွန်ဂုဏ်ယူပါတယ်။ အခု ကျနော်တို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပါပြီ။ ကစားသမားတွေဟာ ဆုဖလားကို အိမ်ကိုယူဆောင်သွားချင်နေကြပါတယ်”လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းဟာ အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျော်ဒန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

တောင်ကိုရီးယားအသင်းဟာ အာရှဖလားချန်ပီယံဆုကို ၁၉၆၀ ခုနှစ်က နောက်ဆုံးအကြိမ် ရယူထားနိုင်တာ ကြောင့် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဒီဆုဖလားကို အခုနှစ်ပြိုင်ပွဲမှာ အရယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: National