CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက လက်စ်ပါးမက်စ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ မိမိတို့အသင်းဟာ စပိန် လာလီဂါပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့အတွက် လေးစားမှုရှိဖို့ ပြောလိုက်ပါတယ်။ 

ဇာဗီက “ကျနော်တို့ဟာ ချန်ပီယံပြေးလမ်းကြောင်းထဲမှာ ပါဝင်နေပါသေးတယ်။ ဒီတစ်ပတ်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် ဒီလိဂ်မှာ အနိုင်ရဖို့ ခက်ခဲတယ်ဆိုတာ တွေ့ရမှာပါ။ ဂျီရိုနာက နောက်ဆုံး မိနစ်မှာ အနိုင်ရတယ်၊ ရီးရယ်လ်က မိနစ် ၈၀ မှာ ထောင့်ကန်ဘောကနေ ဂိုးရခဲ့ပြီး ကျနော်တို့က ပင်နယ်တီနဲ့ နောက်ဆုံး အခိုက်အတန့်မှာ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအသင်း လာလီဂါဖလားရဖို့ ငြင်းခုံမှုတွေရှိပေမယ့် ကျနော်တို့က လက်ရှိချန်ပီယံပါ။ ဒါကြောင့် လက်ရှိချန်ပီယံကို လေးစားပါ”လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ လက်စ်ပါးမက်စ်အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။

ဒီပွဲမှာ လက်စ်ပါးမက်စ်အသင်းက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ဖာရန်တော ရက်စ်က ချေပဂိုးနဲ့ ဂန်ဒိုဂန်က နောက်ဆုံးမိနစ် ပင်နယ်တီဂိုးသွင်းပြီး အနိုင် ၃ မှတ်ရယူပေးခဲ့တာပါ။ 

 ဇာဗီကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာက ရီးရယ်လ်၊ ဂျီရိုနာအသင်းတို့နဲ့ ၇ မှတ်အကွာ လာလီဂါအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာအသင်း နောက်ခံလူ ကန်ဆယ်လိုဟာ ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး နည်းပြ ဇာဗီကတော့ ကစား သမားကို အချိန်အကြာကြီး မဆုံးရှုံးရဖို့ မျှော်လင့်နေတာပါ။ 

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ကစားဖို့ ဆော်ဒီနိုင်ငံကို မထွက်ခွာခင် ဇန်နဝါရီ ၇ ရက်မှာ စပိန်ကိုပါဒယ်ရေးဖလား ပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ 

ဘာစီလိုနာအသင်းဟာ စပိန်ကိုပါဒယ်ရေးဖလား ၃၂ သင်းအဆင့်အဖြစ် လိဂ်အဆင့်အတန်းနိမ့်တဲ့ ဘာဘစထရို အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

စပိန်စူပါဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိုဆာဆူနာ အသင်းနဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရယ်လ်နဲ့ အသလက်တီကို အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN