CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ဖိအားတွေအောက် ရောက်နေတဲ့ ဇာဗီက ဘာစီလိုနာအသင်း နည်းပြရာထူးက နုတ်ထွက်ဖို့ ရည်ရွယ်ထားခြင်း မရှိသလို အသင်းကိုကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိအောင် ဖန်တီးဖို့ လမ်းတစ်ဝက် ရောက်နေပြီလို့ ပြောပါတယ်။

ဇာဗီက “ကျနော်ဟာ အကောင်းမြင်တဲ့သူဖြစ်ပြီး အသင်းဟာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ပါသေး တယ်။ အခုအချိန်က စည်းလုံးရမှာဖြစ်ပြီး ပရောဂျက်နဲ့ ကစားသမားတွေကို အရင်ကထက်ပိုပြီး ယုံကြည်မှုရှိရမှာ ပါ။ ကျနော်တို့ဟာ ကြီးမားတဲ့ ဘာစီလိုနာကို ဖန်တီးဖို့ လမ်းတစ်ဝက်ကို ရောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ရာသီက ဖြစ်ခဲ့ တဲ့ ဆူညံသံကို နားလည်ပေမယ့် ဒီရာသီမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက် တစ်ဆင့် တက်ခဲ့ပြီဖြစ်သလို လာလီဂါပြိုင်ပွဲမှာလည်း လမ်းကြောင်းပေါ်မှာရှိနေတယ်”လို့ ပြောခဲ့ပါတယ်။

ဇာဗီဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မနှစ်ကရာသီက စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်နိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ခဲ့ပြီး လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဂျီရိုနာအသင်းနဲ့ ၇ မှတ်ကွာဟနေတာပါ။

အဲ့ဒါကြောင့် ဇာဗီဟာ ဘာစီလိုနာအသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါ တယ်။

ဒါပေမယ့် စပိန်နဲ့ ဘာစီလိုနာဂန္ထဝင် ကစားသမားကတော့ သူဟာ နည်းပြရာထူးကနေ နုတ်ထွက်မှာ မဟုတ်သလို အသင်းဟာ အခုရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။

ဇာဗီဟာ ဘဏ္ဍာရေး အခက်အခဲဖြစ်နေတဲ့ ဘာစီလိုနာအသင်းကို ကောင်းမွန်စွာ ကိုင်တွယ်နေပေမယ့် လာမယ့်ပွဲ တွေမှာ ရလဒ်တွေ မကောင်းရင်တော့ အသင်းဘက်က သူ့ကို ထုတ်ပယ်ဖို့ အထိစဉ်းစားနေတယ်လို့ စပိန်မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပွဲစဉ် ၁၇ အဖြစ် ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ စပိန်လာလီဂါ လက်ရှိချန်ပီယံအသင်းဟာ ကြားရက်ထဲမှာ အယ်လ်မာရီးယားအသင်းနဲ့ အမှတ် ပေး ပွဲစဉ် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

Source: Goal