CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉

ဘာစီလိုနာအသင်းရဲ့ နည်းပြ ဇာဗီက အသင်းထံ မက်ဆီ ပြန်လာနိုင်ဖို့ ဖြစ်နိုင်ခြေအတွက် လာလီဂါနဲ့ တွေ့ဆုံမှု တွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဇာဗီက “ဘာစီလိုနာက လာလီဂါနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် လီယို ပြန်ရောက်လာနိုင်ခြေ တစ်ခု တည်းအတွက် မဟုတ်ပါဘူး။ လာမယ့်နှစ်မှာတော့ အသင်းတိုးတက်လာဖို့ ကျနော်တို့ မြင်တွေ့ရမှာပါ။ ဒါပေမယ့် ဒါက အရေးကြီးတဲ့ ကိစ္စမဟုတ်သေးဘဲ ဆုဖလားရယူနိုင်မယ့် လိဂ်တော့ ရှိပါသေးတယ်။ ကျနော်တို့ဟာ ဘတ်စ်တစ် ပွဲနဲ့ လာလီဂါဆုဖလားကို ရယူဖို့ အာရုံစိုက်ထားပြီး ဒါတွေပြီးရင်တော့ ဖြစ်နိုင်ခြေရှိတဲ့ ခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး ပြောသွားမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ၂၀၂၁ က အသင်းကနေ ထွက်ခွာပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ သွားတဲ့ မက်ဆီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးတာကြောင့် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်နေတာပါ။

မက်ဆီဟာ မကြာသေးခင် ရက်ပိုင်းက ဘာစီလိုနာဆီ လာရောက်ခဲ့တာကြောင့် အသင်းဟောင်းထံ ပြန်လာမယ့် အပြောင်းအရွှေ့ သတင်းတွေဟာ ပိုပြီး ကျယ်ပြန့်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကိုတွေ့ရစဉ်

ဘာစီလိုနာ ပရိသတ်တွေဟာ မက်ဆီကို အသင်းထံ ပြန်လာဖို့ တောင်းဆိုမှုတွေ ရှိနေကြပြီး ဇာဗီ အပါအဝင် ကစားသမားဟောင်းတွေနဲ့ လက်ရှိ ကစားသမားတွေကပါ အာဂျင်တီးနား ကစားသမား ပြန်လာဖို့ အလိုရှိ နေကြတာပါ။

ဒါပေမယ့် မက်ဆီကတော့ အခုအချိန်ထိ အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက်တောင် ပြောခြင်းမရှိလို့ ရာသီအကုန်ထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗယ်လက်ကာနိုကို အရေးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာက ရီးရယ်လ်အသင်းကလည်း အရေးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါ အမှတ်ပေးဇယားကို ရမှတ် ၁၁ မှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်နေတာပါ။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရပြီး၊ ပြည်တွင်းဖလား ပြိုင်ပွဲဖြစ်တဲ့ ကိုပါဒယ်ရေးဖလား ကနေလည်း ထွက်ခွာထားခဲ့ရလို့ လာလီဂါ ဆုဖလားရယူနိုင်ဖို့ကို အပြည့်အဝ အာရုံစိုက်နေတာ ဖြစ်ပါတယ်။

Source: Goal