CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ရီးရယ်လ်အသင်းဟာ နည်းပြ အန်ဆယ်လော့တီကို အသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုလိုက် ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြဟာ ၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ရောက်ရှိလာခဲ့ပြီး ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အီတလီလူမျိုး နည်းပြဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဘရာဇီးလ် လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် စာချုပ်သစ်ကြောင့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းမှာ နောက်ထပ် ၂ ရာသီဆက်ပြီး ရှိတော့မှာပါ။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ ပထမအကြိမ်ကိုင်တွယ်ခဲ့ပြီး ဒီအချိန် တုန်းက ချန်ပီယံလိဂ်၊ UEFA စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်က ဇီဒန်းနေရာ အစားထိုး ဝင်ရောက်ပြီး ဒုတိယအကြိမ်မြောက် ကိုင်တွယ်ချိန်မှာ အန်ဆယ်လော့တီ ဟာ ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်၊ လာလီဂါ၊ ကိုပါဒယ်ရေး၊ စပိန်စူပါဖလား၊ UEFA စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို ထပ်ပြီး ရယူပေးနိုင်ခဲ့တာပါ။

အန်ဆယ်လော့တီဟာ ဥရောပဖလားကို ၄ ကြိမ် ရယူနိုင်တဲ့ တစ်ဦးတည်းသော နည်းပြဖြစ်သလို ဥရောပထိပ်တန်း ၅ ခုစလုံးမှာ အမှတ်ပေးလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါဒယ်ရေးဖလား ၁ လုံးသာ ရယူနိုင်ခဲ့ပြီး စပိန်လာလီဂါမှာ ဘာစီလိုနာ အသင်းရဲ့နောက် ဒုတိယနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီရာသီမှာတော့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Source: BBC