CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘရာဇီးလ် လက်ရွေးစင် အသင်းအကြောင်းကို ပြောမှာမဟုတ်ဘဲ စာချုပ်ရှိနေတဲ့ စပိန်ထိပ်သီး ကလပ်အတွက်သာ အာရုံစိုက်မယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော် ဘရာဇီးလ်အကြောင်းကို ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ ကျနော်က ရီးရယ်လ် အသင်းရဲ့ နည်းပြဖြစ်ပြီး ဒီမှာဆက်ရှိမှာပါ။ ဒီကိစ္စကို ကျနော် ဆက်မပြောတော့ပါဘူး။ ကျနော့်မှာ စာချုပ်ရှိပြီး စာချုပ်အတိုင်းပဲ သွားမှာပါ။ လာမယ့်နှစ်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ သတင်းထောက် တွေကို ပြောခဲ့တာပါ။ 

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အန်ဆယ်လော့တီကို ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်မှာ လက်ရွေးစင် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်မယ်လို့ အတည်ပြုထားပါတယ်။ 

ရီးရဲလ်အသင်းကို တွေ့ရစဉ်

အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်အသင်းကို ၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ စတင်ကိုင်တွယ်ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် သူကတော့ ဒါကို အခုအချိန်ထိ အတည်ပြုခြင်း မရှိသေးပါဘူး။

အန်ဆယ်လော့တီဟာ လက်ရှိအချိန်မှာ ရီးရယ်လ်အသင်းကို ရာသီသစ်အတွက် ပြင်ဆင်ဖို့ အာရုံစိုက်နေပြီး အသင်းဟာ ခြေစမ်းပွဲကစားဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတာပါ။ 

လော့စ်အိန်ဂျလိစ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ချိန် ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူနိုင် မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး အန်ဆယ်လော့တီကို မေးမြန်းခဲ့ကြပါတယ်။

အန်ဆယ်လော့တီက “ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ မရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒီမှာမရှိတဲ့ ကစားသမား တွေအကြောင်း ပြောရတာ ကျနော့်အတွက် အဆင်မပြေဘူး”လို့ ပြန်လည် ဖြေခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ အမေရိကန်ခရီးစဉ်မှာ ခြေစမ်းပွဲ ၄ ပွဲ ကစားသွားမှာဖြစ်ပြီး ဇူလိုင် ၂၃ ရက်မှာ အေစီမီလန်၊ ၂၆ ရက်မှာ ယူနိုက်တက်၊ ၂၉ ရက်မှာ ဘာစီလိုနာနဲ့ သြဂုတ်လ ၂ ရက်မှာ ဂျူဗင်တပ်စ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: besoccer