CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းရဲ့ ကိုယ်စားလှယ်တွေဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ပြင်သစ်မြို့တော်ကို ရောက်ရှိလာခဲ့ပေမယ့် ကစားသမားက ဒါကို ငြင်းဆန် ခဲ့ပါတယ်။

ဘတ်ပီဟာ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတဲ့အတွက် ပြင်သစ်ကလပ်ကလည်း အခုနွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်နေတာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဆုံးရှုံး မခံချင်တာကြောင့် အခုချက်ချင်းရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

အဲ့ဒါကြောင့် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ဘတ်ပီအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို ပီအက်စ်ဂျီအသင်းက လက်ခံခဲ့ပေမယ့် ကစားသမားကို ဆွဲဆောင်နိုင်ဖို့ ကိုယ်စား လှယ်အဖွဲ့ဟာ ပြင်သစ်မြို့တော်ကို ရောက်ရှိလာခဲ့တာပါ။ 

အယ်လ်ဟီလယ်အသင်းဟာ ဘတ်ပီကို တစ်ရာသီ ပေါင်သန်း ၇၀၀ နဲ့ ကမ်းလှမ်းဖို့ စဉ်းစားထားပေမယ့် ပြင်သစ် တိုက်စစ်မှူးက ဆော်ဒီကလပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ L'Equipe က ဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။

 ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီကတော့ ဆော်ဒီကလပ်ထံ ပြောင်းရွှေ့တာထက် တစ်ရာသီလုံး အရန်ခုံပေါ် ထိုင်ရတာကို ပိုပြီး နှစ်သက် နေတာကြောင့် ကစားသမားနဲ့ အသင်းကြားမှာ တင်းမာမှုတွေဟာ ပိုပြီးမြှင့်တက်လာနိုင်တာပါ။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတာကြောင့် ဆော်ဒီကလပ်အသင်း အပါအဝင် အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုတွေ အားလုံးကို ငြင်းဆန်သွားဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အာရှခရီးစဉ် သွားရောက်တဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ပြီးနောက် ပထမ အသင်းကနေပါ ဖယ်ထုတ်ဖို့ လုပ်ဆောင်နေတဲ့အတွက် ပြင်သစ်ဘောလုံးသမားများ အဖွဲ့အစည်းက ဒါကို ဝင်ရောက် ဖြေရှင်းဖို့ ရှိနေတယ်လို့ သိရတာပါ။ 

ဘတ်ပီကတော့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောသေးတာကြောင့် နွေရာသီ အပြောင်းအရွှေ့ မပိတ်ခင် အချိန်ထိ အပြောင်းအရွှေ့ ဖြစ်/မဖြစ် ဆက်လက် စောင့်ကြည့်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Source: Goal