CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၉

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က FA ဖလားကို အိုးထရက်ဖို့ဒ်ကွင်းဆီ ယူဆောင်လာမှာဖြစ်ပြီး ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ပထမဆုံးအနေနဲ့ ကျနော့်ရဲ့ ကစားသမားတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့ဟာ အလွန်ကောင်းမွန်တဲ့ ရာသီဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။ သူတို့ကို ပံ့ပိုးပေးခဲ့ကြတဲ့ အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒုတိယအနေနဲ့တော့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ သူတို့တွေဟာ တစ်ရာသီလုံး ကျနော်တို့ရဲ့ အနောက်ကနေ အားပေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ကျနော်တို့ ကစားဖို့ ပွဲတစ်ပွဲ ကျန်ရှိနေသေးပြီး မန်စီးတီးကို အနိုင်ရဖို့အတွက် ကျနော်တို့ ကစားသမားတွေက အရာအားလုံး ပေးမယ်ဆိုတာ သေချာပါတယ်။ ဒီဆုဖလားကို အိုးထရက်ဖို့ဒ်ဆီ ယူဆောင် လာဖို့ ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးရှိပါတယ်”လို့ ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်ကာ ရာသီ အဆုံးသတ် နိုင်ခဲ့ပါတယ်။

ရွှေလက်အိတ်ဆုရတဲ့ ဂိုးသမား ဒီဂီယာကို တွေ့ရစဉ်

ပွဲအပြီးမှာ နည်းပြ အဲရစ်တန်ဟတ်က အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပေးဂိုးမပေးရအောင် ပွဲအများဆုံး လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ရွှေလက်အိပ်ဆု ပေးခဲ့ပြီးနောက် ပရိသတ်တွေကို အခုရာသီနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီ နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရယူနိုင်ခဲ့ရင် ဒီရာသီ ပြည်တွင်းဖလား၂ လုံး ရယူနိုင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ ဖေဖော်ဝါရီလက ပြည်တွင်းဖလား ၁ ခုဖြစ်တဲ့ ကာရာဘောင်းဖလားကို ရယူထားပြီး ၆ နှစ်ကြာ ဆုဖလား လက်မဲ့ ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့တာပါ။

အဲရစ်တန်ဟတ်က “ဘောလုံးမှာ အမြဲတမ်း အခွင့်အရေးရှိပါတယ်။ ဇန်နဝါရီလက မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ တယ်ဆိုတာကို သမိုင်းကြောင်းက ပြသနေပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ယူနိုက်တက်က မန်စီးတီးကို အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အကောင်းဆုံးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ကျနော်တို့ အရာအားလုံးကို ပေးရမှာပါ။ သေချာတာကတော့ စနေနေ့မှာ ကျနော်တို့ ပွဲကောင်းတစ်ပွဲ ကစားရမယ် ဆိုတာ ပါပဲ”လို့ ပြောခဲ့ပါတယ်။

Source: Independent