CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အင်တာမီလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် အေစီမီလန်အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြဖြစ်သူ ပိုင်အိုလီက ပြောခဲ့ ပါတယ်။

ပိုင်အိုလီက “ကျနော်တို့ဟာ အားနည်းချက်နဲ့ စတင် ရမယ်ဆိုတာကို သိပေမယ့် ဒါကို ပြောင်းပြန်လှန်အောင် လုပ်ပစ်နိုင်မယ့် အရည်အသွေးတွေ ရှိပါတယ်။ အခုအချိန်မှာ ကျနော်တို့ ဗိုလ်လုပွဲ တက်နိုင်မယ်လို့ ဘယ်သူကမှ ထင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ကြီးမားတဲ့ပွဲတွေကို ကစားခဲ့ပြီး ကစားသမားတွေ ဘယ်လောက် သန်မာလဲ ဆိုတာကို သိပါတယ်။ ကျနော်တို့စိတ်ထဲမှာ အရေးကြီးဆုံး ရည်မှန်းချက်ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ဖို့ ပါပဲ”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ပထမအကျော့ပွဲစဉ်မှာ အင်တာမီလန် အသင်းအတွက် ဂိုးတွေကို ဂျက်ကိုနဲ့ မီခီတာရန်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဆန်စီရိုမှာပဲ ကျင်းပမယ့် ဒုတိယအကျော့ပွဲစဉ်ကို အင်တာမီလန်အသင်းက အိမ်ရှင်အဖြစ် ကျင်းပရမှာ ဖြစ်ပါ တယ်။

အင်တာမီလန်အသင်းဟာ ၂ ဂိုးအသာနဲ့ အနိုင်ရထားတာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်နိုင်ဖို့ အခြေအနေ ကောင်းနေပေမယ့် အေစီမီလန်နည်းပြကတော့ သူတို့ဗိုလ်လုပွဲ တက်နိုင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်နေ တာပါ။

ပထမအကျော့ပွဲစဉ်မှာ ပေါင်ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ်ရှိ တောင်ပံကစားသမား ရာဖေးလ်လီယိုဟာ ဒုတိယအကျော့ပွဲမှာ ပါဝင်နိုင်ဖို့ အလားအလာရှိတယ်လို့ အေစီမီလန်နည်းပြ ပိုင်အိုလီက ပြောခဲ့ပါတယ်။

အင်တာနဲ့ အေစီ ယှဉ်ပြိုင်နေစဉ်

ပိုင်အိုလီက “လီယိုရဲ့ အခြေအနေက ကောင်းမွန်လာပြီး ကွင်းလယ်လူ ကရူနစ်နဲ့ တောင်ပံကစားသမား မက်ဆီး ယတ်စ် တို့လည်း ဒီလိုပါပဲ။ အရာအားလုံး အဆင်ပြေတယ်ဆိုရင် သူတို့ကို ဒုတိယအကျော့ပွဲအတွက် အသုံးပြုလို့ ရပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ၂၀၁၀ က ချန်ပီယံလိဂ်ဖလား ရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ကို တက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါကြောင့် အေစီမီလန်နဲ့ ပွဲက သူတို့အတွက် အရေးကြီးဆုံး ပွဲတစ်ပွဲလို့ နည်းပြ အင်ဇာဂီက ပြောပါတယ်။

အင်ဇာဂီက “ဒီပွဲက အင်တာမီလန်အသင်း သမိုင်းမှာ အရေးကြီးဆုံး ပွဲတစ်ပွဲဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့ အားသာချက်ရှိပေမယ့် ဒါကို စီမံခန့်ခွဲသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ သန်မာတဲ့ အင်တာမီလန်အသင်းလိုပဲ ကစားသွားမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: BBC