CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၅

အာဆင်နယ်အသင်း နည်းပြ အာတီတာက ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ပြီးနောက် အသင်း အားပေးတဲ့ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

အာတီတာက “ဒါဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲက ခံစားချက်နဲ့ တကယ့်ကို ကွဲပြားတဲ့ ခံစားမှုတစ်ခုပါ။ ကျနော် တို့ဟာ အချို့ အခိုက်အတန့်တွေမှာ အနိုင်ရဖို့ လိုအပ်တာကို တကယ်လုပ်ခဲ့တယ်လို့ ခံစားရပြီး ဒီပွဲမှာတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ စွမ်းဆောင်ရည်အတွက် အသင်းပရိသတ်တွေကို ကျနော် တို့ တောင်းပန်ပါတယ်။ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ အခုအချိန်မှာ ပရီးမီးယားလိဂ် ဆုဖလားအတွက် စဉ်းစားဖို့ မဖြစ်နိုင်တော့ဘူး”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဘရိုက်တန်အသင်းတို့ ပွဲမတိုင်ခင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်စီးတီးအသင်းတို့ပွဲမှာ မန်စီးတီး အသင်းက အနိုင်ရခဲ့တာကြောင့် အာဆင်နယ် အသင်းအနေနဲ့ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းကို ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် သွားခဲ့ပါတယ်။

လန်ဒန်ကလပ်ဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းထက် ၁ ပွဲပို ကစားထားပြီး ၄ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ၂ နှစ်ဆက်တိုက် ရရှိသွားတော့မှာပါ။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်

အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က ဘရိုက်တန်အသင်းကို အရေးနိမ့်ပြီးနောက် သူတို့ရဲ့ ပရီးမီးယား လိဂ် မျှော်လင့်ချက် အဆုံးသတ် သွားခဲ့ပြီလို့ ဝန်ခံခဲ့ပါတယ်။

အိုဒီဂတ်က “ကျနော်တို့ မျှော်လင့်ချက် ပြီးဆုံးသွားပြီလို့ ခံစားရပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒါက အလွန် ခက်ခဲသွားပြီလို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ ကျနော်တို့ရဲ့ ကစားပုံက ကောင်းမွန်တဲ့ ခံစားချက်မျိုး မရှိခဲ့ပါဘူး။ ဒါက ကြီးကြီးမားမား စိတ်ပျက်ဖို့ ကောင်းပြီး၊ အခုအချိန်မှာ မျှော်လင့်ချက် မရှိတော့သလို ခံစားရပါ တယ်”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီအစကတည်းက ရလဒ်ကောင်းတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ရေပန်းစားခဲ့ပေမယ့် ဧပြီလအတွင်း ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် အဆင့် ၁ နေရာကို မန်စီးတီးအသင်းထံ လွှဲပြောင်းပေးခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal