CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၃

ထိုင်းအသင်းကို အနိုင်ရပြီး ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာက ကစားသမား တွေကြောင့်လို့ မြန်မာအမျိုးသမီးအသင်းနည်းပြ ယူကီတက်ဆူရိုက ချီးကျူးလိုက်ပါတယ်။

ယူကီတက်ဆူရိုက “ထိုင်းအသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ရဲ့ ကောင်းမွန်တဲ့ ကစားဟန်ကြောင့် ဒီပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။နိုင်ပွဲရအောင် ကြိုးစားခဲ့တဲ့ ကစားသမား တွေရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပါ။ကျနော့်အနေနဲ့ အသင်းကိုကိုင်တွယ်တာ အရမ်းကို တိုတောင်း လွန်းတာမို့ ဒီနိုင်ပွဲက ကစားသမားတွေ ရယူသွားတဲ့နိုင်ပွဲဖြစ်ပါတယ်။ဒီကစားသမားတွေက သူတို့လုပ်ချင်တာ ဘာမဆိုရအောင်လုပ်နိုင်တဲ့ ကစားသမားတွေဆိုတာ ဒီနေ့တွေ့ခဲ့ရပါပြီ။အားလုံးလည်း ကျနော်တို့အသင်းက ဘယ်လိုအသင်းလဲဆိုတာ အမြဲအမှတ်ရနေမယ်ဆိုတာ ယုံကြည်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဖြစ်ကစားခဲ့တဲ့ ဒီပွဲမှာ မြန်မာအသင်းဟာ ပွဲချိန် ၁၈ မိနစ်မှာတင် ထိုင်းအသင်းကို ဦးဆောင်ဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရပေမယ့် ရူပါခိုင်နဲ့ ဝင်းသိင်္ဂီထွန်းတို့က ချေပဂိုးတွေ ပြန်သွင်းပြီး၊ စန်းသော်သော်နဲ့ မြတ်နိုးခင်တို့က အနိုင် ဂိုးတွေသွင်းယူပေးခဲ့တာကြောင့် ထိုင်းအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။

မြန်မာအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲကို ၂၀၀၅ နောက်ပိုင်း နှစ်ပေါင်း ၁၈ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းကတော့ အနိုင်ရအောင်လုပ်ဆောင်မယ်ဆိုတဲ့ စိတ်နဲ့အတူတူ ကြိုးစား ခဲ့လို့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာလည်း အကောင်းဆုံးဖြစ်အောင်ကြိုစားမယ်လို့ ကတိပေးခဲ့တာပါ။

ခင်မာလာထွန်းက “ကျနော်တို့ ပထမပိုင်းမှာ ကစားပုံဆိုးရွားခဲ့ပါတယ်။ဒါပေမယ့် စိတ်ပျက်နေတာမျိုးမရှိဘဲ ဒီပွဲကို ငါတို့နိုင်အောင် ချမယ်ဆိုတဲ့ စိတ်နဲ့အတူတူ ကြိုးစားခဲ့ကြလို့ အနိုင်ရခဲ့တာပါ။ပထမပိုင်းအပြီးမှာ နည်းပြတွေအနေ နဲ့ ကစားသမားတွေကို ယုံကြည်ပေးပြီး ယုံကြည်မှု ပိုရှိလာအောင်လုပ်ပေးလို့လည်း တကယ့်ကို ကျေးဇူးတင်ပါ တယ်။ အဓိက ကတော့ လာရောက်အားပေးတဲ့ ပရိသတ်တွေနဲ့ မြန်မာနိုင်ငံမှာ အားပေးနေကြတဲ့ ပရိသတ်တွေပါ။ ဒီအားတွေနဲ့ပဲ ကျနော်တို့ အကောင်းဆုံးဆက်ကြိုးစားနေရတာပါ” လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ ဗိုလ်လုပွဲအဖြစ် အုပ်စုတွင်းမှာတွေ့ဆုံခဲ့တုန်းက အရေးနိမ့်ခဲ့တဲ့ ဗီယက်နမ်အသင်းနဲ့ မေလ ၁၅ ရက် မြန်မာစံတော်ချိန် ည ၇ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။