CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၂

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရာသီအစောပိုင်းက ဝေဖန်တဲ့သူတွေကို နှုတ်ဆိတ်သွားအောင် လုပ်ပြီးနောက် အသင်းဟာ ထိပ်ဆုံး ၄ သင်းနဲ့ ရာသီအဆုံးသတ်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “အသင်းဟာ ထိပ်ဆုံး ၄ နေရာမှာပဲ ရှိနေရပါမယ်။ ကစားသမားတွေကလည်း အဲဒီနေရာမှာ ပဲ ရှိနေဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နိုင်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပေမယ့် ဒီရာသီမှာ အသင်းဟာ အလွန်ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ ရာသီအစမှာ ဆိုရင် ကျနော်တို့ကို ထိပ်ဆုံး ၆ သင်းထဲ ဝင်ရောက်မယ်လို့ ဘယ်သူကမှ ထည့်မတွက်ထားပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီထက်ပိုပြီး မြင့်မားတဲ့အဆင့်မှာ ရပ်တည်နိုင်တယ်ဆိုတာ သိပါတယ်။ မကြာခင်မှာဆို ကလပ်အသင်း ဟာ ပိုပြီးကြီးမားတဲ့ အရာတွေအတွက် တိုက်ပွဲဝင်တော့မှာပါ”လို့ Sky Sports ကို ပြောပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲအများအပြား ပါဝင်ကစား ထားပြီး ခြေစွမ်းကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ ဘရိုက်တန်၊ ဝက်စ်ဟမ်း အသင်းတွေကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ထားပြီး အဆင့် ၅ နေရာက လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ဖိအားပေးခြင်းကို ခံနေရတာပါ။

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

နည်းပြ အဲရစ်တန်ဟတ်က ကစားသမားတွေဟာ ပင်ပန်းနွမ်းနယ်မှုကို ကြုံတွေ့နေရတယ်လို့ ပြောတဲ့အပေါ်မှာ ဘရူနိုဖာနန်ဒက်စ်က ဒါကို ပယ်ချခဲ့ပြီး အသင်းဟာ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းနဲ့ အဆုံးသတ်မယ်လို့ ယုံကြည်နေ တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ပင်ပန်းနွမ်းနယ်မှုက အမြဲတမ်း ရှိနေပါတယ်။ ကျနော်တို့ဟာ ပွဲတွေအများကြီး ကစားတဲ့အတွက် ဒါက ပုံမှန်ပါပဲ။ ကျနော်တို့ကတော့ တတ်နိုင်သမျှ ပွဲတွေ အများကြီး ကစားချင်ပြီး ဆုဖလားတွေ ဆွတ်ခူး နိုင်မယ့် ဗိုလ်လုပွဲအထိ ရှိနေချင်တာပါ။ ဖြစ်နိုင်တဲ့ အနားယူဖွယ် နည်းလမ်းတွေကိုတော့ ရှာဖွေရမယ်”လို့ ပြောခဲ့ တာပါ။

လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းထက် ၁ မှတ်အသာနဲ့ ပွဲကျန်ကစားဖို့ ၁ ပွဲ ကျန်ရှိ နေသေးတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့အတွက် အားသာချက်တွေတော့ ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ် အိုးထရက်ဖို့ဒ်မှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အလွန်အရေးပါတဲ့ ၃ မှတ်ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Source: Goal