CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၆

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ကာဂျစ္စတန်အနေနဲ့ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့နဲ့ အခြေခံ အဆောက်အဦ နည်းပါးနေတာကို ဖြေရှင်းဖို့အတွက် အမျိုးသားဘောလုံး အားကစားကွင်းကို တည်ဆောက်ဖို့ သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။

အင်ဖန်တီနိုက “ကျနော် ကာဂျစ္စတန်ဥက္ကဋ္ဌနဲ့ ဘောလုံး အားကစားကွင်း အကြောင်းကို ပြောခဲ့ပါတယ်။ ဒါက ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါမှသာ ကာဂျစ္စတန်နိုင်ငံကို နိုင်ငံတကာပွဲတွေ အများအပြား ယူဆောင်ပေးလာနိုင်မှာဖြစ်ပြီး အာရှနဲ့ ကမ္ဘာ့စင်မြင့်အထက်မှာ တောက်ပလာမှာပါ။ ကာဂျစ္စတန်မှာ ကြီးကျယ်တဲ့ အရည်အသွေးတွေ ရှိပါတယ်။ အမျိုးသားဘောလုံး အသင်းဆိုရင် အာရှဖလားကို ၂ ကြိမ်ဆက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါ တယ်။ သူတို့ဟာ အခြေခံ အဆောက်အဦတွေနဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်မှု အလွန်နည်းပါးပေမယ့် အခုအကြိမ်မှာ လည်း ခြေစစ်ပွဲ အောင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အရင် ဆိုဗီယက်နိုင်ငံဟာ ဖီဖာအဆင့် သတ်မှတ်ချက်ရှိတဲ့ ပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့အတွက် နိုင်ငံတကာ စံနှုန်းတွေအတိုင်း တည်ဆောက်ထားတဲ့ ခေတ်မီ အားကစားကွင်းတွေ မရှိပါဘူး။

ကာဂျစ္စတန်အသင်းဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ ၂၀၁ နဲ့ ၇၅ ကြားထဲမှာ အတက်အကျ ရှိနေပြီး လက်ရှိအဆင့် ၉၆ နေရာမှာ ရှိနေပါတယ်။

ကာဂျစ္စတန်နဲ့ မြန်မာအသင်း ယှဉ်ပြိုင်နေစဉ်

ဖီဖာဟာ အခုနှစ်အတွင်း ကာဂျစ္စတန်က ဘောလုံးအကယ်ဒမီတွေမှာ ရင်းနှီးမြှုပ်နှံထားပြီး အဲဒီနိုင်ငံရဲ့ ဘောလုံး အရည်အသွေးတွေ တိုးတက်အောင် လုပ်ဆောင်ပေးနေပါတယ်။

ဒါအပြင် ဖီဖာဟာ ကာဂျစ္စတန်နိုင်ငံရှိ ကျောင်းတွေနဲ့ အမျိုးသမီးတွေ ကြားထဲမှာ အားကစား မြှင့်တင်ရေး အစီအစဉ်တွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ကာဂျစ္စတန်အသင်းဟာ ပြီးခဲ့တဲ့ မတ်လက မြန်မာအသင်းနဲ့ အိန္ဒိယမှာ ဖိတ်ခေါ်ပြိုင်ပွဲ ကစားထားပြီး ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ထားတာပါ။

ကာဂျစ္စတန်အသင်းဟာ အာရှဖလားပြိုင်ပွဲကို ၂၀၁၉ က ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အုပ်စုအဆင့်နဲ့ သာ ကျေနပ်ခဲ့ရကာ အခုလာမယ့် ၂၀၂၃ ပြိုင်ပွဲမှာရော ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။

Source: CNA