CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃

ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ်ဂန္တဝင်ကြီး ပီလီအတွက် အားကစားကွင်း နာမည်ပေးဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို ဖီဖာက တောင်းဆိုတယ်လို့ ပြောလိုက်ပါတယ်။

အင်ဖန်တီနိုက “ကမ္ဘာ့နိုင်ငံတိုင်းမှာရှိတဲ့ ဘောလုံးအားကစားကွင်းတွေထဲက တစ်ကွင်းကို ပီလီရဲ့ နာမည်ပေးဖို့ ကျနော်တို့ တောင်းဆိုသွားမှာဖြစ်တယ်”လို့ ဗီလာဘယ်မီရိုမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ပီလီဟာ ဒီဇင်ဘာ ၂၉ ရက် က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ အင်ဖန်တီနိုဟာ ဗီလာဘယ်မီရို အားကစားကွင်းမှာ ပြသထားတဲ့ ပီလီရဲ့ ရုပ်အလောင်းကို ပထမဆုံး ဂါရဝပြုတဲ့ သူတွေထဲမှာ ပါဝင်ခဲ့တာပါ။

ပီလီရဲ့ ရုပ်ကလာပ်ကို တွေ့ရစဉ် 

အင်ဖန်တီနိုက “ကျနော်တို့ဟာ ဒီကို အလွန်ဝမ်းနည်းစွာနဲ့ ရောက်ရှိနေတာပါ။ ပီလီက ထာဝရပါပဲ။ သူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အိုင်ကွန်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ပီလီကို ၂၀ ရာစု အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဘရာဇီးလ် ဂန္တဝင် ကွယ်လွန်ပြီးနောက် ဇူးရစ်မြို့ရှိ ရုံးချုပ်အပြင်ဘက်မှာ အလံကို တစ်ဝက်အထိ လျှော့ချပြီးလွှင့်ထူထားတာပါ။

ကမ္ဘာ့ဖလားချန်ပီယံဆုကို ၃ ကြိမ် ရယူထားတဲ့ တစ်ဦးတည်းသော ကစားသမား ပီလီဟာ ကင်ဆာရောဂါကို ကာလကြာရှည် တိုက်ပွဲဝင်ပြီးနောက် ဆော်ပေါ်လိုရှိ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ပီလီဟာ ကလပ် ကစားသမားဘဝမှာ ဆန်းတို့စ်နဲ့ နယူးယော့ခ်ကော့စ်မိုစ် အသင်းတွေမှာသာ ကစားခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းအတွက် ၁၉၅၆ ကနေ ၁၉၇၄ အထိ ကစားခဲ့ပြီး အမေရိကန်ကလပ်မှာတော့ ၁၉၇၅ ကနေ ၁၉၇၇ အထိ ကစားခဲ့ကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA