CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၄

ဘောလုံးလောကရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဖာဂူဆန်ဟာ အဘာဒင်း အသင်းကို ဥရောပဆုဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၄၀ အကြာမှ ဒီပြိုင်ပွဲရဲ့ ဆုတံဆိပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖာဂူဆန်ဟာ နည်းပြဘဝ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းကို မကိုင်တွယ်ခင် စကော့တလန်ကလပ် အဘာဒင်းအသင်းကို ကိုင်တွယ်ခဲ့တာပါ။

ဖာဂူဆန်ဟာ အဘာဒင်းအသင်းကို ၁၉၇၈ ကနေ ၁၉၈၆ အထိ ကိုင်တွယ်ခဲ့ပြီး စကော့တလန် ပရီးမီးယားလိဂ်၊ စကော့တလန်ဖလား၊ စကော့တလန်လိဂ်ဖလား အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ စကော့တလန်ကလပ်မှာ အကြီးမားဆုံး အောင်မြင်မှုကတော့ ဥရောပ Cup Winners' Cup ချန်ပီယံဆု ကို ရယူပေးနိုင်ခဲ့တာပါ။

အဘာဒင်းအသင်းဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းကို အချိန်ပိုမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဂိုသန်ဘာ့ဂ်မှာ ကျင်းပခဲ့တဲ့ပွဲမှာ ပွဲထွက် ကစားသမား ၁၁ ဦးနဲ့ လူစားလဲ ကစားသမား ၅ ဦးသာ ဆုတံဆိပ် ရရှိခဲ့တာပါ။

ဖာဂူဆန်ကိုတွေ့ရစဉ် 

အခုအချိန်မှာတော့ ယူအီးအက်ဖ်အေက နောက်ထပ် ဆုတံဆိပ် ၆ ခု ထပ်ပေးဖို့ သဘောတူညီခဲ့တဲ့အတွက် ဖာဂူဆန်က ဆုတံဆိပ်ရမယ့် စာရင်းထဲမှာ ပါဝင်ခဲ့တာပါ။

လက်ထောက်နည်းပြ အာချီနဲ့ ဒီပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဘဲလ်တို့ကလည်း ဆုတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၈၁ နှစ်အရွယ်ရှိ ဖာဂူဆန်က “ဒီဆုတံဆိပ်ကို ရခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိပြီး ဒီလိုဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ သူတိုင်းကို ကျေးဇူးတင်ရှိပါတယ်။ ယူအီးအက်ဖ်အေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အလွန်တန်ဖိုးထားပါတယ်။ ကလပ်ရဲ့ အောင်မြင်တဲ့ ကာလတွေမှာ နောက် ကွယ်ကနေ မမောမပန်း လုပ်ဆောင်ခဲ့ကြတဲ့သူတိုင်း ဂုဏ်ပြုခံခဲ့ရပြီး ဒီလို အံ့သြစရာကောင်းတဲ့ လူတချို့ကို တွေ့ ခဲ့ရတာက အလွန်ကောင်းပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောထားခဲ့တာပါ။

ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလား နောက်ဆုံး ရယူပေးခဲ့ပြီးနောက် ၂၀၁၃ မှာ နည်းပြ လောကကနေ အနားယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ နည်းပြဘဝမှာ ဆုဖလားပေါင်း ၄၉ လုံးအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA