CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အဲဗာတန်အသင်း လက်ထောက်နည်းပြ ဒွန်ကန်ဖာဂူဆန်က နည်းပြလမ်းပတ်ဟာ သူ့ကို အသင်းမှာ ဆက် နေခိုင်းခဲ့ပေမယ့် နည်းပြရာထူးကို ရယူချင်တဲ့အတွက် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဒွန်ကန်ဖာဂူဆန်က “ဒါဟာ ကျနော့်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ဒီလိုလုပ်ဆောင်ဖို့ ခက်ခဲခဲ့ပေမယ့် ကျနော့်ရဲ့ အသက်မွေးဝမ်းကျောင်းမှာ နောက်တစ်ဆင့်တက်ဖို့နဲ့ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ လိုအပ်ပါ တယ်။ပြီးခဲ့တဲ့ရာသီက ခက်ခဲခဲ့ပေမယ့် ဒီအသင်းက လမ်းကြောင်းမှန်ပေါ်ကို ဦးတည်နေပါပြီ။လမ်းပတ်ကတော့ ကျနော့်ကို ဒီမှာဆက်နေစေချင်ခဲ့ပါတယ်။လမ်းပတ်က ကြီးကျယ်ခမ်းနားတဲ့သူဖြစ်သလို ကြီးကျယ်ခမ်းနားတဲ့ လူငယ်နည်းပြတစ်ဦးပါ။အဲဗာတန်အတွက် သူကောင်းမွန်စွာလုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့ပါတယ်။

ဒွန်ကန်ဖာဂူဆန်ဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ အန်ဆယ်လော့တီ၊ဘင်နီတက်စ်နဲ့ အခုနည်းပြ လမ်းပတ်တို့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။ဒါ့အပြင် အသင်းနည်းပြသစ်မခန့်အပ်ရချိန်မှာ ယာယီနည်းပြ အဖြစ် နှစ်ကြိမ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒွန်ကန်ဖာဂူဆန်ဟာ နည်းပြဘဝ မစတင်ခင် အဲဗာတန်အသင်းနဲ့ အတူ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နာမည်ကျော်တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ခဲ့တာပါ။ဒွန်ကန်ဖာဂူဆန်ဟာ အဲဗာတန်အသင်းမှာ နှစ်ကြိမ်ကစားခဲ့ပြီး ၂၀၀၆ မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

စကော့တလန်ကစားသမားဟောင်းဟာ အဲဗာတန်အသင်းအတွက် ၂၇၃ ပွဲပါဝင်ကစားခဲ့ပြီး ၇၃ ဂိုး သွင်းယူ နိုင်ခဲ့တာပါ။ဒွန်ကန်ဖာဂူဆန်က “ကျနော် ဒီကို ၁၉၉၄ မှာရောက်လာကတည်းက ပရိသတ်တွေက မယုံနိုင်လောက် အောင်ဖြစ်ခဲ့ပါတယ်။ကျနော်တို့မှာ ခိုင်မာတဲ့ သံယောစဉ်တွေရှိကြပါတယ်။ကျနော်တို့ရဲ့ ဆက်ဆံရေးက ထူးခြား ပြီး ဒါက ကျနော့်အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိလဲဆိုတာ သူတို့သိပါတယ်။ကျနော် သူတို့ကို အမြဲတမ်း ချစ်နေမှာပါ”လို့ ပြောခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရာသီမကုန်ဆုံးခင် တစ်ပွဲအလိုထိ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ အဆင့် ၁၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:ChannelNewsAsia